အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နာဂဒေသကပ်ဆိုက်မှု ကာကွယ်ပေးရန် ဒေသခံတချို့ တောင်းဆို

(ရန်ကုန်) — နာဂဒေသ နန်းယွန်းမြို့နယ်တွင် ကလေး ၇ ဦး သေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း ကျန်းမာရေး နှင့် အာဟာရဆိုင်ရာ အသိပညာပေးမှု၊ ကာကွယ်ဆေးထောက်ပံ့မှု လိုအပ်နေသေးကြောင်း ဒေသခံတချို့က ပြောသည်။

ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သတင်းအချက်အလက်ရရှိမှု နှောင့်နှေးကြောင်း၊ ဆေးအဖွဲ့ရောက်ရှိချိန် ကလေးတချို့ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးစိမ်းမောင်က ပြောသည်။

နာဂကျေးလက်ဒေသ အများအပြားတွင် တယ်လီဖုန်းလိုင်းမမိသဖြင့် အရေးပေါ်အခြေအနေကို လူကြုံဖြင့် သတင်းပို့ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က Myanmar Now ကို ပြောသည်။

ယခင်လက နာဂကျေးလက်ဒေသတချို့တွင် လူအများအပြား ခံစားခဲ့ရသည့် ရောဂါလက္ခဏာများမှာ ကိုယ်ပူရှိန်တက်ခြင်း၊ ချောင်းဆိုး၊ နှာခေါင်းသွေးယိုခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့ ဖြစ်သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကူးစက်ရောဂါဖြစ်ပွားသည်ဟု သတင်းထွက်နေသည့် ရွာများသို့ စေတနာ့ဝန်ထမ်း ၆ ဦးနှင့် ဆေးဝါးများ ပေးပို့ ကူညီထားကြောင်း အရှေ့နာဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မလွန်လီဖိုင်းက ပြောသည်။

နန်းယွန်းမြို့မှ ဦးနောက်ထွန်းက ဒေသခံတို့ ကိုယ်ခံအား နည်းကြသဖြင့် ရောဂါကူးစက်မှု များပြားရခြင်းဖြစ်သည်ဟု ယူဆသည်။

“လက်ရှိဖြစ်ပွားတဲ့နေရာတွေကို တစ်ကိုယ်ရေ ကျန်းမာရေး အသိပညာပေး အစဉ်အစဉ်တွေ လုပ်ပေးသွားမယ်” ဟု နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနောက်ထွန်းက ပြောသည်။

အနာဂတ်တွင်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်စေရေးအတွက် ကာကွယ်ဆေးပေးသည့် အစီအစဉ်များ၊ ကုသမှုနှင့် ပညာပေးမှု လုပ်နိုင်သူများ ၎င်းတို့ ဒေသတွင် လိုအပ်သည်ဟု သူက ဆက်ပြောသည်။

ကူးစက်ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ လေ့လာနေသော နန်းယွန်းမြို့ခံတစ်ဦးဖြစ်သော ဦးလော်တူးက ဒေသခံတို့၏ အထွေထွေအခြေအနေကို အားမရဟု ဆိုသည်။

“ကျွန်တော်တို့ဒေသတွေမှာ ကာကွယ်ဆေးထိုးမှုတွေ မရှိဘူး။ အစားအစာတွေမှာ အာဟာရသိပ်မရှိဘူး။ ကိုယ်ခံအားမကောင်းတော့ သာမန်ရောဂါပိုးတွေကိုတောင် အလွယ်တကူ ကူးစက်နိုင်တယ်” ဟု နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အဖွဲ့ဝင် ဦးလော်တူးက ပြောသည်။

နန်းယွန်း ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန် နှင့် အဖွဲ့သည် ကျေးရွာများသို့ သွားရောက်ပြီး လူနာ ၆၄ ဦး၏ ဖျား၊ နှာချေ၊ အော့အန်၊ ချောင်းဆိုး၊ ခေါင်းကိုက် စသည့် ဝေဒနာများကို ကုသပေးခဲ့သည်ဟု စက်တင်ဘာ ၁၂ ရက်နေ့ ကြေးမုံသတင်းစာတွင် ရေးသားထားသည်။ ပြီးခဲ့သည့် လအတွင်း တပ်မတော်ဆေးကုအဖွဲ့များ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ကလည်း မြို့နယ်အတွင်း ကျေးရွာများသို့ သွားရောက်ပြီး ကုသမှုပေးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ထိုဒေသသို့ ကူညီနေကြောင်း သတင်းထုတ်ပြန်ထားပြီး ကူညီလှူဒါန်းကြရန်လည်း ၎င်း၏ လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာတွင် တိုက်တွန်းထားသည်။

၂၀၁၆ သြဂုတ်လကလည်း နန်းယွန်းမြို့နယ် ကျေးလက်ဒေသတချို့တွင် ကူးစက်ရောဂါ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ယခုထက် ပိုမိုများပြားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button