ကိုရိုနာဗိုင်းရပ်ရှိမရှိ စောင့်ကြည့်လူနာအဖြစ် ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည့် သားအမိနှစ်ဦး၏ ကျန်းမာရေးသည် တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ဆေးရုံအုပ်က အတည်ပြုသည်။
“အခြေအနေကတော့ ဒီမနက် ကလေးလည်း အဖျားမရှိဘူး။ အမေလည်း အဖျားမရှိပါဘူး။ အခုက သူတို့ရဲ့ နှာခေါင်းတို့ဖတ်နမူနာယူပြီး အဖြေကို စောင့်နေပါတယ်” ဟု ရန်ကင်းကလေးဆေးရုံအုပ် ဒေါက်တာမြင့်မြင့်ခိုင်က ပြောသည်။
ဇန်နဝါရီလအတွင်းက တိုင်ပေသို့ ၁၅ ရက်ကြာ အလည်အပတ်ခရီးသွားခဲ့သည့် အဆိုပါ အသက် (၂) နှစ်အရွယ်နှင့် အသက် (၂၄) နှစ်အရွယ် သားအမိနှစ်ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ရန်ကုန်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ယခုလ ၅ ရက်တွင် သွားရောက်ပြသခဲ့ရာ ၎င်းဆေးရုံမှ ရန်ကင်းကလေးဆေးရုံကြီးသို့ ညွှန်းပို့လွှဲပြောင်း ကုသခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၎င်းတို့အား ဆေးရုံ၌ စစ်ဆေးရာတွင် အခြား ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ကြောင်း နှင့် အဆိုပါလူနာ (၂) ဦးအား စောင့်ကြပ်ကြည့်ရှု ကုသမှုများ ပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဟုလည်း အဆိုပါသတင်းထုတ်ပြန်ချက်က ဆိုသည်။
၎င်းတို့နှစ်ဦးအား ရန်ကင်းကလေးဆေးရုံကြီးနှင့် ဝေဘာဂီဆေးရုံမှ သမားတော်ကြီးများ တိုင်ပင်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြောင်း၊ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပါက ကိုရိုနာစောင့်ကြည့်လူနာများကို ထားသည့် ဝေဘာဂီဆေးရုံသို့ ပို့မည်ဟုလည်း ရန်ကင်းကလေးဆေးရုံအုပ်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၅ ရက်အထိ ကိုရိုနာဗိုင်းရပ် သံသယနှင့်စောင့်ကြည့်လူနာ ၁၀ ဦးရှိပြီး ၎င်းတို့ထဲမှ လေးဦးသည် အဆိုပါရောဂါပိုး မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကျန်လူနာများတွင် အဆိုပါရောဂါပိုး ရှိမရှိကို လူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးလျက်ရှိကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။