စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်မှုဖြင့် နာမည်ကျော် အင်းစိန်ထောင်၌ တစ်နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းထားသည့် နာမည်ကျော် သရုပ်ဆောင်အချို့ကို စစ်ကောင်စီက ယနေ့ (မတ် ၂) ပြန်လွှတ်ပေးလိုက်သည်။
ပြန်လည်လွတ်မြောက်လာသူများမှာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထောင်ဒဏ် သုံးနှစ်စီ ချခံထားရသည့် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် ပိုင်တံခွန်တို့ဖြစ်သည်။
ထင်ရှားကျော်ကြားသူ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေက Myanmar Now ကို အတည်ပြုပြီး ကျန်အနုပညာရှင်များမှာလည်း လွတ်မြောက်လာပြီးနောက် အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း နီးစပ်သူများက လူမှုကွန်ရက်တွင် ရေးတင်ထားသည်။
“ကိုပိုင်တံခွန် အိမ်ရောက်ပါပြီ။ ကျွန်တော်နဲ့လည်း ဖုန်းပြောပြီးပါပြီ။ အကုန်လုံး ကျန်းမာရေးကောင်းကြပါတယ်။ အိမ်ပြန်ရောက်ကြပါပြီ” ဟု ပိုင်တံခွန်၏ရှေ့နေက ပြောသည်။
ပြီးခဲ့သည့်လဆန်းပိုင်းက အဖမ်းခံရသည့် ဒါရိုက်တာဝိုင်းကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅ – က အမှုကို ပိတ်သိမ်း၍ ပြန်လွှတ်ပေးသည်ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ ပြန်လည်လွတ်မြောက်လာသူများအနက် သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ လူမင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်ကာ အင်းစိန်ထောင်၌ တစ်နှစ်ကျော် နေထိုင်ခဲ့ရသူ ဖြစ်သည်။
ကျန်သရုပ်ဆောင် အနုပညာရှင်များဖြစ်သည့် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် ပိုင်တံခွန်တို့မှာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက အဖမ်းခံရခြင်းဖြစ်ကာ အင်းစိန်ထောင်တွင် ၁၀ လကျော် ထိန်းသိမ်းခံခဲ့ရသည်။
အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်သော်လည်း မည်သို့သော စည်းကမ်းချက်များရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပိုင်တံခွန်၏ ရှေ့နေကမူ မည်သည့်ခံဝန်မျှ ထိုးခဲ့ရခြင်း မရှိဟု Myanmar Now ကို အတည်ပြုသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နာမည်ကျော်အနုပညာရှင်များအနက် ဒါရိုက်တာမင်းထင်ထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ အဆိုတော်ပိုပို၊ အဆိုတော်အီတိုး၊ သရုပ်ဆောင်ရဲတိုက်နှင့် အလှအပရေးရာ အနုပညာရှင် ဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
မင်းထင်ကိုကိုကြီးနှင့် စောဖိုးခွားမှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံရခြင်းဖြစ်ကာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။
အဆိုတော်ပိုပို၊ သရုပ်ဆောင်ရဲတိုက်နှင့် ဝင်းမင်းသန်းတို့မှာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း၊ နာမည်ကျော်အဆိုတော် ဇော်ဝင်းထွဋ်၏သားဖြစ်သူ အီတိုးမှာ စက်တင်ဘာလအတွင်း အဖမ်းခံရခြင်းဖြစ်သည်။
ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ရဲတိုက်နှင့် မဝင်းမင်းသန်းတို့မှာ အခြားအမှုများရှိနေ၍ ပြန်လည်လွတ်မြောက်ခြင်းမရှိဟု ရဲတိုက်၏ ရှေ့နေက ပြောသည်။
ရဲတိုက်မှာ မူးယစ်ဆေးဆိုင်ရာ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ဝင်းမင်းသန်းကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည်။
ပုဒ်မ ၅၀၅ ဖြင့် ထောင်သုံးနှစ်ချခံထားရသည့် အဆိုတော်ပိုပို၊ အလားတူအမှုရင်ဆိုင်နေရသည့် အီတိုးတို့ လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခြင်းအပေါ် ရှင်းလင်းစွာ မသိရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



