အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ဝင်သည့် ရေဦးတွင် သက်ကြီး ၂ ဦးကို သေဆုံးလျက်ပြန်တွေ့

စစ်ကောင်စီတပ်က နာရီ ၅၀ နီးပါး စီးနင်း တပ်စွဲခဲ့သော စစ်ကိုင်းတိုင်း ကျေးလက်ဒေသတစ်ခုတွင် ထွက်မပြေးနိုင်ဘဲ အိမ်တွင်ကျန်ရစ်သော သက်ကြီးရွယ်အိုနှစ်ဦးကို သေဆုံးလျက်ပြန်တွေ့ရသည်ဟု ရွာသားနှစ်ဦးနှင့် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီ ၆ ညနေပိုင်းတွင် ရေဦးမြို့နယ်ရှိ တောင်ပြင်ငယ်ရွာကို ရဟတ်ယာဉ်နှစ်စီး၊ တိုက်လေယာဉ်တစ်စီးက ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ် ဝင်စီးခဲ့ခြင်းဖြစ်သည်။

စစ်တပ်ရှိနေစဉ် သေဆုံးသူတို့မှာ အများနည်းတူ ထွက်မပြေးနိုင်ဘဲ နေအိမ်တွင် ကျန်ရစ်သူများဖြစ်သည်ဟု တောင်ပြင်ငယ်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ရွာကလူတွေလည်း ကြောက်တော့ ဒီအတိုင်းပစ်ပြေးရတာဆိုတော့ တစ်ယောက်က အသက် ၈၀ ဘိုးတော်ကတော့ အိမ်ပေါ်က မမြင်စမ်းစမ်းနဲ့ ပြုတ်ကျတဲ့အနေအထား။ အိမ်တံစက်မြိတ်အောက်မှာ ခွေခွေလေးရယ် ဇောက်ထိုးဖြစ်ပြီး သေနေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နောက်တစ်ယောက်ကတော့ သူက ကျန်းမာရေးအခံရှိတာနဲ့ဆိုတော့ အေးတာနဲ့ ဘာနဲ့ ပြုစုမဲ့သူလည်း မရှိတော့ သူတစ်ယောက်တည်းဆိုတော့ မစားရမသောက်ရနဲ့ ဆုံးတာထင်ပါတယ်၊ နှစ်ရက်ဆိုတော့။ သူက စောင်ခြုံထဲမှာပဲ သေနေတာ”

အိမ်အောက်တွင် သေဆုံးနေသူ ဦးမောင်ဦးနှင့် ကျောက်ကပ်ရောဂါ ကုသနေရသူ အသက် ၆၀ ကျော်အရွယ် ဒေါရွှေတင်တို့၏ ရုပ်အလောင်းများကို ယမန်နေ့ (ဖေဖော်ဝါရီ ၈) က သင်္ဂြိုဟ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသော အခြားအမျိုးသားတစ်ဦးကလည်း သေဆုံးမှုကို အတည်ပြုသည်။

လေကြောင်းမှ နှစ်ရက်ဆက် ဝင်စီးပစ်ခတ်ခံလိုက်ရသော တောင်ပြင်ငယ်၊ ပလူဇဝ၊ အောက်ရေတွင်း၊ အောင်သုခ စသည့်ရွာများမှာ ရေဦးနှင့် မင်းကင်းနယ်အစပ်ဒေသဖြစ်ပြီး စစ်ကောင်စီ၏ ရေယာဉ်များ နေ့စဉ်နီးပါး တိုက်ခိုက်ခံနေရသည့် ချင်းတွင်းမြစ်ကြောင်းနှင့် ၄ မိုင်ခန့် ကွာဝေးသည်။

စစ်ကောင်စီကမူ ထိုရွာကို ဝင်စီးပစ်ခတ်ခဲ့ခြင်းမှာ ၁၇ မိုင်ခန့်အကွာရှိ ကနီမြို့နယ် ဝင်းမနားရဲစခန်းကို တိုက်ခိုက်ခဲ့သူများ စခန်းချနေသောကြောင့်ဖြစ်သည်ဟု ထိုရွာများကို ဝင်စီးပြီး နောက်တစ်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စစ်တပ်ရောက်လာချိန်တွင် မပြေးနိုင်ဘဲ ရွာဘုန်းကြီးကျောင်းအတွင်း နှစ်ရက်ကျော်ကြာ အဖမ်းထားရသော ကလေးငယ်များအပါအဝင် ရွာသား ၆၈ ယောက်သည် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လွတ်လာသည်ဟု အထက်ပါရွာသားက ပြောသည်။

စစ်ကောင်စီတပ်က ပစ်လိုက်သည့် ပခုံးထမ်းလောင်ချာကျည်ဆန် ထိမှန်ပေါက်ကွဲသဖြင့် ရွာရှိ နေအိမ်သုံးလုံး ပျက်စီးသည်၊ နေအိမ်အားလုံးရှိ ပစ္စည်းများကိုလည်း ရှာဖွေမွှေနှောက်ခံထားရသည်၊ ရွာတွင် နာရီ ၅၀ နီးပါး တပ်စွဲခဲ့သော စစ်သားများက ယမန်နေ့နံနက် မိုးမလင်းမီ ထွက်ခွာသွားသည်ဟု ၎င်းက ပြောသည်။

ထွက်ပြေးနေရသူအများစုလည်း ရွာသို့ ပြန်မလာဝံ့သေးကြောင်း၊ ဖမ်းဆီးခံထားရသော ရွာသားများကို စစ်တပ်က ဘုန်းကြီးကျောင်းဝိုင်းအပြင်မထွက်ရန် ခြိမ်းခြောက်ထားခဲ့သောကြောင့် နံနက် ၉ နာရီခန့်အထိ အိမ်မပြန်ရဲကြကြောင်း ထိုရွာသားက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တောင်ပြင်ငယ်ရွာမှ ၃ မိုင်ခန့်အကွာရှိ ပလူဇဝရွာတွင် ပြည်သူများ၏ စားနပ်ရိက္ခာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ထွက်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ နာယကဖြစ်သူက ထိုတောင်ပြင်ငယ်ရွာမှ သက်ကြီးအရွယ်နှစ်ဦး လူမသိသူမသိသေဆုံးရခြင်းမှာ စစ်ကောင်စီသာ တာဝန်ခံရမည်ဟု ဆိုသည်။

“စောင့်ရှောက်မဲ့သူရှိရင် သူတို့ သေစရာအကြောင်းမရှိဘူး။ စကစရဲ့ တာဝန်ပဲ ဒီကိစ္စကလည်း။ အာဏာရှင်စစ်ကောင်စီ အမြန်ဆုံးကျဆုံးပါစေလို့ပဲ ပြောချင်တယ်” ဟု အဖွဲ့၏ နာယကဖြစ်သူက ပြောသည်။

ထိုရွာများမှ ထွက်ခွာသွားသော အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ်သားများသည် မင်းကင်းမြို့နယ်၊ မိုးကောင်း၊ ထီသာလုပ်၊ စီကာ၊ ဝက်ပုတ်၊ ဂွေတောက်ကိုင်း စသည့်ရွာများကို ယနေ့နေ့လယ်ပိုင်းတွင် ဝင်မွှေနေ၍ ရွာသား ၂၀၀၀ ခန့်လည်း ထွက်ပြေးနေရသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က စစ်ရေးအရ ဖိအားပေးနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက် တစ်နှစ်ကျော်ကြာ တာဝန်ဆက်ထမ်းနေခဲ့သော ရေဦးမြို့နယ်မှ ပညာရေးဝန်ထမ်းများ၏ အလုပ်နုတ်ထွက်စာများကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ယမန်နေ့က တွေ့ရသည်။

အာဏာသိမ်းလိုက်သော်လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်က ဆန့်ကျင်တော်လှန် တိုက်ခိုက်ခံနေရသော စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းတစ်နှစ်ပြည့် ကာလများတွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button