သတင်း

ချင်းပြည်နယ်၊ မတူပီတွင် တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်‌‌တောင်ပိုင်း မတူပီမြို့နယ်၌ အင်အားအလုံးအရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မတူပီ-ဟားခါးလမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၆) နံနက် ၉ နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။

မတူပီမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ကီလှုန်းနှင့် လုံလှော်ရွာကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ညနေ ၅ နာရီခန့်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“တိုက်ပွဲက အခုထိ ပြင်းထန်နေဆဲပဲ၊ သူတို့(စစ်ကောင်စီ)ဘက်က အကျအဆုံးတွေလဲ ရှိနိုင်ပေမဲ့ အခုထိ မြေပြင်က သတင်းအသေးစိတ်ကိုတော့ မရသေးဘူး” ဟု CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မတူပီမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၁၄၀) နှင့် မတူပီဗျူဟာ နှစ်ခုပေါင်းမှ စစ်သားအင်အား ၁၅၀ ကျော်အထိ ယနေ့တိုက်ပွဲ၌ ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ စစ်ကောင်စီတပ်အခြေစိုက်စခန်းနှစ်ခုက လက်နက်ကြီးပစ်ကူပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မတူပီမြို့မှာ စစ်ဗျူဟာတစ်ခုအပါအဝင် စစ်ကောင်စီတပ်သုံးခုအခြေချထားသည့်မြို့ဖြစ်ပြီး မြို့အဝင်အထွက်လမ်းများဖြစ်သည့် မတူပီ-ပလက်ဝလမ်းပိုင်း၌ ခြေမြန်တပ်ရင်း (၃၀၄) နှင့် မတူပီ- ဟားခါးလမ်းပိုင်းတွင် ခြေမြန်တပ်ရင်း(၁၄၀)နှင့် ဗျူဟာစခန်းတို့ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီခန့်ကလည်း ယ‌နေ့တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ မရောက်မီ မတူပီ-ဟားခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ စစ်ကောင်စီစစ်ကြောင်းကို CDF-မတူပီအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်သည့်အတွက် ထိုတိုက်ပွဲတွင် စစ်တပ်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။

ထိုနေ့ ညနေ ၃ နာရီခန့်တွင် နောက်တစ်ကြိမ် ထပ်တက်လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးကို CDF- မတူပီက လက်ရဖမ်းမိခဲ့သည်။

နောက်တစ်နေ့ ဇန်နဝါရီ ၅ ၌ မတူပီ-ဟားခါးလမ်းပေါ်ရှိ ၎င်းတို့တပ်များ ထပ်မံထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီတပ်က အင်အားပြန်လည်စုစည်းနေခဲ့သည်ဟု CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့က(စစ်ကောင်စီ) မနေ့လောက်ကတည်းက စစ်ကြောင်းထိုးဖို့အတွက် အင်အားတွေ အကုန်စုနေတယ်လို့ ကျွန်တော်တို့ သတင်းရတယ်၊ မနေ့ကတည်းက သူတို့က အဆင်သင့်ဖြစ်နေပြီး ဒီနေ့ မနက်အစောပိုင်းမှာ ကျွန်တော်တို့ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာတာ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲချိန် ၈ နာရီကျော်ကြာမြင့်လာသလို တိုက်ပွဲလည်း ပိုမိုပြင်းထန်လာသည့်အတွက် တိုက်ပွဲဖြစ်ရာ အနီးရှိသည့် ကီလှုန်းနှင့် လုံလှော်ရွာမှ ရွာခံများ စစ်‌ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

တိုက်ပွဲအခြေအနေ ငြိမ်သက်ခြင်းမရှိသေးသည့်အတွက် စစ်ရှောင်များ၏ အသေးစိတ်အခြေအနေများကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။

မတူပီမြို့နယ်အတွင်း ယခုလအစောပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပြီး မတူပီ-ပလက်ဝလမ်းပေါ်တွင် အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို CDF-မတူပီအဖွဲ့က နှစ်ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၃ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု CDF ထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူတို့ကို အကြမ်းဖက်သည့်အတွက် ချင်းပြည်နယ်နေရာအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်‌ရေးဖြစ်ပေါ်လာပြီး ဒေသခံများက မြို့နယ်အလိုက် CDF များ ဖွဲ့စည်းတိုက်ခိုက်ကြရာတွင် မတူပီလည်း ရှေ့တန်းမှ ဦးဆောင်နေသည်။ 

တောင်ထူထပ်ပြီး သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်သည် မြန်မာပြည်၏ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button