
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၆) နံနက်ပိုင်းက စစ်ကောင်စီတပ် တပ်စွဲထားရာအနီး ဒလန်ဆိုသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရသည်။
လုပ်ကြံသတ်ဖြတ်ခံရသူမှာ ရပ်ကွက်အတွင်း ဒလန်ဟု နာမည်ကြီးနေသူ အသက် ၅၀ အရွယ် ဒေါ်ချိုကြီး (ခ) ဒေါ်ခင်စန်းလွင် ဆိုသူဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းချထားရာ ဒေါပုံမြို့နယ် ယမုံနာလမ်းရှိ မြို့နယ်အားကစားခန်းမနှင့် ကပ်လျက်ရှိ အမှတ် ၃ အခြေခံပညာမူလတန်းကျောင်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူနှစ်ဦးထံမှ သိရသည်။
“အခုမနက် ၇ နာရီထိုးပြီးစပဲ ရှိသေးတယ်။ ဒလန်မကို သေနတ်နဲ့ လာပစ်သွားတာ။ ဘက်ထရီစက်ဘီးနှစ်စီးနဲ့ နှစ်ယောက်။ ဈေးရုံထဲ မဟုတ်ဘူး။ ဈေးအပြင်ဘက်က ဈေးတန်း၊ အဲဒီနားက စာသင်ကျောင်းရှေ့မှာ။ အဲ့အမျိုးသမီးနေတာက အလင်းရောင် ၃ လမ်းမှာနေတာ” ဟု ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
ဒေါ်ချိုကြီးမှာ ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်နှင့် ဆေးစက်ရပ်ကွက်ကြား လမ်းပိုင်းတွင် လုပ်ကြံခံရခြင်းဖြစ်ကာ အနီးကပ်ပစ်ခတ်ခံရသဖြင့် ဦးခေါင်းနှင့် မျက်နှာတွင် ပေါက်ထွက်ဒဏ်ရာ ရရှိကာ နေရာမှာပင် သေဆုံးခဲ့ကြောင်းလည်း အထက်ပါ အမျိုးသမီးက ပြောသည်။
ဆေးစက်ရပ်ကွက်တွင် ဒလန်ဟု နာမည်ကြီးနေသူ ဒေါ်ချိုကြီး လုပ်ကြံခံရသည့်နေရာနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချတပ်စွဲထားရာနေရာမှာ မိနစ်ပိုင်းအကွာအဝေးသာရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် စစ်သား ၂၀ ခန့်ရောက်လာပြီး ဈေးသိမ်းနေသူများကို အော်ဟစ်ကာ ဈေးဆက်ရောင်းစေခဲ့သည်ဟု ထိုရပ်ကွက်ရှိ ဈေးသည်တစ်ဦးက ပြောသည်။
“ချက်ချင်းတော့ မထွက်လာကြဘူး။ အဲဒီနားမှာ ကပ်လျက်ပဲကို။ ပစ်ပြီးတော့ နာရီဝက်နီးနီးလောက်နေမှ အဲလောက်မှရောက်တာ။ သူတို့ လူမစုံသေးလို့ မထွက်လာသေးတာလို့တော့ ကြားတယ်။ ပြီးတော့ ဈေးသိမ်းမလို့ လုပ်နေတဲ့သူတွေကိုလဲ ဘာလို့သိမ်းမှာလဲ ဆက်ရောင်းဆိုပြီး ခိုင်းတယ်” ဟု ထိုဈေးသည်က ပြောသည်။
ဒေါ်ချိုကြီးကို သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ကြောင်း၊ ဒလန်ဖြစ်ကြောင်း စောင့်ကြည့်အတည်ပြုပြီးမှသာ လုပ်ကြံခြင်းဖြစ်ကြောင်း လုပ်ကြံသည့်အဖွဲ့နှင် နီးစပ်သူတစ်ဦးက ဆိုသည်။
ဒလန်ဟု စွပ်စွဲခံရသူ ဒေါ်ချိုကြီးမှာ အာကစားခန်းမအတွင်း တပ်စွဲထားသည့် စစ်သားများကို ထမင်းပို့ပေးခြင်း၊ ဒီဇင်ဘာ ၃၁ ရက်က လုပ်ကြံခံရသည့် ဆေးစက်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ခြင်းနှင့် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူဖြစ်သည်ဟု ဆိုသည်။
သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရသူ ဒေါ်ချိုကြီး ဒလန်ဖြစ်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဒေါပုံမြို့နယ်တွင် ဒီဇင်ဘာ ၃၁ ရက်ကလည်း ဆေးစက်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၀ အရွယ် ဦးဝေဇင်သောင်း သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရပြီး ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေရသည်။
ယမန်နေ့ ညနေပိုင်းကလည်း ဗန္ဓုလတံတားအဆင်းရှိ ဒေါပုံမြို့နယ်ရဲစခန်းရှေ့ သဲအိတ်ကာရံထားသည့် ဘန်ကာကို ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (BFRAF) ဆိုသော အဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့သည်။
“အဓိကကတော့ ဒီကောင်တွေ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ အမြဲတမ်းကြောက်လန့်နေကြမယ်ဆိုတာမျိုး ကျွန်တော်တို့က အချိန်မရွေးတိုက်ခိုက်မယ်ဆိုတာမျိုး” ဟု ရဲစခန်းရှေ့ ဘန်ကာကို တိုက်ခိုက်ခဲ့သည့်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ရဲတစ်ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ကြောင်း BFRAF အဖွဲ့ထံမှ သိရပြီး ဒေါပုံမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်း မရှိပေ။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ ညပိုင်းတွင် ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနေ လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဝင်ဖမ်းသွားကြောင်း ရပ်ကွက်နေ အမျိုးသမီးက ဆိုသည်။
လွတ်လပ်ရေးနေ့တွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၀၀ နီးပါးကို ရဲဗလတံဆိပ် ချီးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားရာ ထိုသူများတွင် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများနှင့် ဒလန်ဆိုသူများလည်း ပါဝင်သည်ကို တွေ့ရသည်။
အုပ်ချုပ်ရေးမှူးများ ဆက်တိုက်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ကျပ်ငါးသိန်းစီ နစ်နာကြေးထောက်ပံ့ကြောင်း စစ်ကောင်စီက ဇွန်လအတွင်း ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ဒလန် ဆိုသူများ လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)