အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ့်ခမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဇန်နဝါရီ ၅) တိုက်ပွဲဖြစ်ပွားသည်။

TNLA အတွက် အခွန်ကောက်ခံပေးသူနှစ်ဦး ယမန်နေ့က အနီးကပ်ပစ်သတ်ခံရပြီးနောက် နမ့်ခမ်းမြို့တွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားကာ ကလေး ၃ ဦး အပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု မြို့ခံအချို့ထံမှ သိရသည်။​

နမ့်ခမ်းမြို့အရှေ့ဘက်ရှိ ဟိုနားရွာနှင့် မြို့နယ်ဆေးရုံဘက်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် TNLA တပ်များ ဝင်‌ရောက်လာရာ မြို့‌‌‌တောင်ဘက် မိုင်အနည်းငယ်အကွာရှိ စစ်ကောင်စီစခန်းကုန်းမှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု အသက် ၆၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြို့အရှေ့ဘက်ရှိ ဆေးရုံအနီး နောင်စန့်ကုန်းမှ ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ၆ ဦး ဒဏ်ရာရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဒဏ်ရာရတဲ့ ၆ ယောက်က မိသားစုပဲ၊ အိမ်ကလဲ ကပ်နေတာပေါ့ဗျာ၊ အဲဒီမှာ စုပြီးနေကြတာ။ ဗုံးက အဲဒီ‌ဘေးနားမှာ ကပ်ပြီးကျတာ” ဟု အထက်ပါမြို့ခံအမျိုးသားက ဆိုသည်။

ဒဏ်ရာရသူ ၆ ဦးတွင် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဆေးရုံမှ တာဝန်ရှိသူများကို ကိုးကားပြီး ၎င်းက ပြောသည်။

ဒဏ်ရာရသူ ၆ ဦးမှာ ဆွတ်ရိန်အောင် (၅ နှစ်)၊ ဦးမာတူး (၃၂ နှစ်)၊ ဒေါ်ရွယ်ဂျီး (၆၆ နှစ်)၊ ဒေါ်ထုဆိုင်း(၆၀ နှစ်)၊ မာရွယ်ပန် (၅ နှစ်) နှင့် ဂျာဆိုင်းဆိန် (၂ နှစ်) တို့ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။

ထို့နောက် မွန်းလွဲ ၁ နာရီခန့်တွင် နောင်စန့်ကုန်းနှင့် ဟိုနားကျေးရွာအနီး စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး TNLA နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ ညနေ  ၃ နာရီခွဲခန့်တွင် TNLA က နောက်ပြန်ဆုတ်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးသွားသည်ဟု ဆိုသည်။

ဒဏ်ရာရရှိထားသည့် ကလေးငယ်တစ်ဦးကို ဇန်နဝါရီ ၅ ညနေက တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဖီမြေ)

စစ်ကောင်စီတပ်က လက်နက်ကြီး အချက်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုခဲ့ကြသော်လည်း စစ်သား ၄ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟု TNLA အဖွဲ့က ရွှေဖီမြေသတင်းဌာနကို ပြောသည်။ 

ယမန်နေ့က နမ့်ခမ်းမြို့မဈေးအတွင်း TNLA အတွက် အခွန်ကောက်ခံနေသည့် အမျိုးသားနှစ်ဦးမှာ အမည်မသိ သေနတ်သမားများက အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထိုသို့ ပစ်သတ်ခံရမှုကြောင့် အင်အားပြသည့်အနေဖြင့် TNLA တပ်များ နမ့်ခမ်းမြို့တွင်း ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း အသက် ၄၀ ခန့်အရွယ် အခြားနမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကတော့ ဈေးထဲမှာ အခွန်လာကောက်တယ်၊ ထွက်သွားတဲ့အချိန်ကျတော့ အဲဒီလူနှစ်ယောက်က အပစ်ခံရတယ်။ ပွဲချင်းပြီးသေသွားတယ်။ သူတို့က TNLA ကလို့ ပြောတယ်။ အဲဒီဟာကို စိတ်ဆိုးလို့ မကျေနပ်လို့ လိုက်လာသလား‌တော့ မသိဘူး၊ ဖြစ်ဖို့တော့များတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ထိခိုက်သေဆုံးမှုများအပြင် အခွန်ကောက်ခံသည့်ကိစ္စများမေးမြန်းရန် ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် TNLA အကြား တိုက်ပွဲအနည်းငယ်သာ ဖြစ်ပွားခဲ့သည်။ စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။ 

နမ့်ခမ်းမြို့ပေါ်တွင် ယနေ့တိုက်ပွဲကြောင့် မြို့ပေါ်မှ ဈေးဆိုင်များ အားလုံးပိတ်သိမ်းခဲ့ပြီး မြို့‌ပေါ်တွင် သွားလာလှုပ်ရှားမှုများ မရှိသလောက်နည်းပါးသွားခဲ့သည်ဟု သိရသည်။ 

နမ့်ခမ်းမြို့နယ်သည် TNLA အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ လှုပ်ရှားမှုများရှိသည့်နယ်မြေ ဖြစ်သည်။ 

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA)၊ KIA တို့ တိုက်ပွဲများ လတ်တလော ဖြစ်ပွားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles