သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို လက်မခံနိုင်ဟု KNU ပြော 

အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း လက်ခံနိုင်စရာ အကြောင်းမရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ပြောခွင့်ရသူ ပဒိုစောတောနီးက ယနေ့ (ဇန်နဝါရီ ၃) တွင် တုံ့ပြန်လိုက်သည်။

စစ်ခေါင်းဆောင်တို့၏ ယခင်နှင့် ယခု အပြုအမူများက ပြောင်းလဲခြင်း မရှိသေးဟု ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

“စဉ်းစားကြည့်ပေါ့ဗျာ၊ အခုဖြစ်နေတဲ့ စစ်ပြေးဒုက္ခသည်အခြေအနေကိုတောင် ဖြေရှင်းလို့မရသေးဘဲ အခုလာမဲ့ ဆွေးနွေးပွဲဟာ ဒီပုံစံအတိုင်း ထပ်လည်လာပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့ မရဘူး” ဟု ၎င်းက ပြောသည်။

“ဒီလူတွေနဲ့သာ သွားဆွေးနွေးရင်တော့ အရင်တုန်းကလိုပဲ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာတွေ ခံရဦးမှာပဲ”

ပြီးခဲ့သည့်နှစ်များအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုများ ရှေ့မတိုးခဲ့ခြင်းကို ရင်ဆိုင်ရပြီးနောက် စစ်ဗိုလ်ချုပ်များအကြောင်းကို ပိုမိုသိရှိလာရသည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်ရဲ့ သူ့ရဲ့ အကျင့်စရိုက်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ လုပ်လေ့လုပ်ထအမူအရာတွေ၊ နောက်ပြီးတော့ ဆွေးနွေးပွဲကို မထီလေးစားလုပ်တဲ့ အပြုအမူတွေ အားလုံးကို ကြုံခဲ့ရပြီ” ဟု ပဒိုစောတောနီးက ပြောသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဇန်နဝါရီ ၁ နှစ်သစ်ကူးမိန့်ခွန်းတွင် ငြိမ်းချမ်းရေးကမ်းလှမ်းထားခြင်း အပါအဝင် ဆွေးနွေးရန် ဖိတ်ခေါ်နေမှုများနှင့် ပတ်သက်ပြီး KNU က ထိုသို့တုံ့ပြန်ခြင်း ဖြစ်သည်။

“သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု အာဏာသိမ်းမှုဆန့်ကျင်သူတို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှုများအတွက် တာဝန်ရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဤအတောအတွင်း ဒေသအများအပြားတွင် စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားရာ စစ်ကောင်စီတပ်၏ရန်ကြောင့် တိမ်းရှောင်ခိုလှုံနေသူများရှိရာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင်လည်း ဒီဇင်ဘာလလယ်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

မြန်မာ-ထိုင်းနယ်စပ် အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သည် ၈၀ ခန့် သေဆုံးခဲ့သည်ဟု တိုက်ပွဲဒေသတွင် မှတ်တမ်းတင်ထားသူများထံမှ သိရသည်။

လေးကေ့ကော်တွင် ၁၂ ဦး၊ မယ်ဝါးခီးတွင် ၃၅ ဦး၊ ပဟိကလော်တွင် ၅ ဦးနှင့် မဲထော်သလေးတွင် ၂၈ဦး သေဆုံးရာ ထိုအထဲတွင် တပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ ၈ ဦးခန့် ပါဝင်သည်ဟု စာရင်းပြုစုထားသော CDM စစ်သည်တစ်ဦးက ပြောသည်။

“တပ်ကြပ်အဆင့်၊ ဒုတပ်ကြပ်၊ တပ်သားအဆင့် အစုံပါပဲ” ဟု လေးကေ့ကော်တိုက်ပွဲအတွင်း ကိုယ်တိုင်ဝင်တိုက်နေသည့် CDM တပ်ကြပ်ကြီး ကိုသော်(အမည်လွှဲ)က Myanmar Now ကို ပြောသည်။

ဖမ်းမိထားသည့် တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များနှင့်အတူ ဒီဇင်ဘာ ၃၀ ၌ KNLA က လက်ရဖမ်းမိခဲ့စဉ်။ (ဓာတ်ပုံ-KNLA) 

KNU ပြောခွင့်ရသူကလည်း အကျွမ်းဝင်မှုမရှိသည့်နယ်မြေကို လာထိုးစစ်ဆင်သည့် စစ်ကောင်စီတပ် အကျအဆုံးများနေသည်ဟု Myanmar Now ကို အတည်ပြုသည်။

“လွန်ခဲ့တဲ့တစ်ပတ်ကတည်းက သူတို့ အကျအဆုံးနဲ့ ဒဏ်ရာရတာက ရာဂဏန်းကျော်သွားပြီလေ။ အဲဒီလို အနေအထားရှိတဲ့အခါကျတော့ အခု ခင်ဗျားတို့ရတဲ့ နောက်ဆုံးအရေအတွက်ကတော့ သိပ်ကွဲလွဲမှုမရှိဘူး” ဟု KNU ၏ နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက ယနေ့ ပြောသည်။

မြဝတီမြို့နှင့် ၈ မိုင်ခန့်ဝေးသည့် လေးကေ့ကော်မြို့သစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေသူများ ပုန်းခိုနေသည်ဟု ယူဆကာ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၄ ၌ လက်နက်၊ လူအင်အား အများအပြားဖြင့် ဝင်စီးခဲ့သဖြင့် ဒီဇင်ဘာ ၁၅ မှစ၍ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်း ဖြစ်သည်။ 

စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးများသုံးကာ ထိုးစစ်ဆင်ပစ်ခတ်ခဲ့သော်လည်း ခုခံသူတို့က ပြောက်ကျားသေနင်္ဂဗျူဟာကျင့်သုံးမှု၊ နယ်မြေကျွမ်းကျင်မှု၊ လူထုထောက်ခံမှုနှင့် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်အရ ယနေ့အထိ သေဆုံးသူ ဆယ်ဂဏန်းပင် မရှိသေးဟု KNU ဘက်က ဆိုသည်။

ထို့ပြင် လေးကေ့ကော်တိုက်ပွဲအတွင်း ဒီဇင်ဘာ ၁၆ တွင် သုံ့ပန်း ၈ ဦး၊ ဒီဇင်ဘာ ၃၀တွင် ၇ ဦး လက်နက်များနှင့်အတူ ရရှိထားသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိသူများထဲမှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ တပ်ဖွဲ့ဝင် ၂ ဦးကို KNU က ပြန်လွှတ်ပေးပြီး ဖြစ်သည်။

စစ်ကောင်စီက ကျန်သုံ့ပန်းများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသော်လည်း KNU ဘက်က နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စစ်သုံ့ပန်းမူဝါဒအတိုင်း တိတိကျကျလိုက်နာပြီး ဆက်လက်ကိုင်တွယ်သွားမည်ဟု တုံ့ပြန်ထားသည်။  

လေးကေ့ကော်ဒေသတိုက်ပွဲများကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်သော ဇန်နဝါရီ ၂ တွင် ရပ်နားခဲ့သည်။ သို့သော်လည်း ယနေ့ ဇန်နဝါရီ ၃ တွင် မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းအနီးဝန်းကျင်နှင့် ဖလူးကြီးကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီက ကရင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း မြေပြင်နှင့်၊ ဝေဟင်ကပါ အပြင်းအထန်ထိုးစစ်ဆင်နေသည်။

တိုက်ပွဲအများစုမှာ စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်နေသည့် ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button