စီးပွားရေးမြို့တော် ရန်ကုန်ရှိ စျေးဝယ်စင်တာများစွာအနက် မြန်မာပလာဇာသည် ထင်ရှားသည့်စျေးဝယ်စင်တာတစ်ခုဖြစ်သော်လည်း ယနေ့အချိန်တွင် လူသွားလူလာ ခြောက်ကပ်သွားပြီဟု ဆိုနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ယခင်က စင်တာသို့ လူလတ်တန်းစားနှင့် ချမ်းသာကြွယ်ဝသူများ မကြာခဏ လာရောက်စျေးဝယ်ကာ အချိန်ကုန်ဆုံးလေ့ရှိသော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စင်တာအတွင်း လာရောက်ဆန္ဒပြသည့် လူငယ်အချို့ကို ယင်း၏လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ ဖြစ်ရပ်ပြီးနောက် လူထု၏ သပိတ်မှောက်မှုကို ကြုံတွေ့လာရခြင်း ဖြစ်သည်။
မြန်မာပလာဇာအပေါ် ပြည်သူများ၏ အဆိုပါ သပိတ်မှောက်ဆန့်ကျင်မှုမှာ တစ်လကျော်ကြာမြင့်သည်အထိ အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်သည်။
ဖြစ်ရပ်ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၂၆ မှစ၍ ပလာဇာမှ ဆိုင်ခန်းပိုင်ရှင်အများအပြားသည် လူထု၏ သဘောထားဆန္ဒနှင့်အညီ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ဆိုင်ခန်းများကို ယာယီပိတ်ထားခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီက ဖိအားပေးမှုကြောင့် ဆိုင်ခန်းပြန်လည်ဖွင့်လှစ်ရသည်များ ရှိသည်ဟု ဆိုသော်လည်း စျေးဝယ်သူ ကင်းမဲ့နေဆဲဖြစ်သည်ကို တွေ့ရသည်။
”ဆိုင်တွေကို မဖွင့်မနေ ပြန်ဖွင့်ခိုင်းတော့လဲ ဖွင့်ရတယ်လေ။ မရောင်းရတာကတော့ မြင်တဲ့အတိုင်းပဲ။ ဆိုင်ခွဲတွေရှိတော့လဲ တခြားဆိုင်တွေမှာ ဖောက်သည်တွေက သွားဝယ်ကြတယ်” ဟု မြန်မာပလာဇာရှိ ဆိုင်တစ်ဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ဆိုင်ခန်းများမှာ ယခင်ကဲ့သို့ အားလုံးပြန်လည်ဖွင့်လှစ်ထားသော်လည်း ဆိုင်အများစုမှာ ဝင်ရောက်ကြည့်ရှုသူပင် မရှိသည်ကို တွေ့ရသည်။ ဆိုင်ဝန်ထမ်းများသည် စမတ်ဖုန်းကိုယ်စီဖြင့် အေးအေးလူလူ ထိုင်နေကြပြီး တချို့ဆိုင်များတွင်မူ ဖဲချပ်များဖြင့် ကစားရသော ကစားနည်းတစ်ခုဖြစ်သည့် UNO ဂိမ်း ဆော့ကစားနေကြသည်ကို တွေ့ရသည်။
မြန်မာပလာဇာအပေါ်ထပ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် ကုမ္ပဏီအသီးသီးမှ ဝန်ထမ်းအချို့၏ ဖြတ်သန်းသွားလာမှုကြောင့် ပလာဇာအတွင်း လူအသွားအလာရှိသော်လည်း ပြင်ပမှ စျေးလာရောက်ဝယ်ယူသူ မရှိသလောက် နည်းပါးသည်။
မြန်မာပလာဇာလေးလွှာတွင် ဆိုင်အတွင်း လာရောက်စားသောက်ကြသူများဖြင့် ယခင်အချိန်က စားပွဲအပြည့် စည်ကားလေ့ရှိသည့် ရွှေကောင်းဟော့ပေါ့စားသောက်ဆိုင်မှာ ယခုအချိန်တွင်မူ နေ့လယ်စာစားချိန်၌ပင် နှစ်ဝိုင်းခန့်သာ လူရှိသည်ကို သိသိသာသာ မြင်တွေ့ရသည်။
မြန်မာပလာဇာအရှေ့ဘက်တွင် လုံခြုံရေးကင်းလှည့်ရဲကားတစ်စီးကို နေ့စဉ် မကြာခဏတွေ့မြင်ရတတ်ပြီး အဝင်ဝတွင်မူ ဈေးဝယ်သူဟန်အပြည့်ဖြင့် အရပ်ဝတ် စစ်ကောင်စီလုံခြုံရေးတပ်သားများကို တွေ့ရတတ်သည်။
ဆန္ဒပြလူငယ်များကို မြန်မာပလာဇာ၏ လုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်ဖမ်းဆီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ အဖြစ်အပျက်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တုံ့ပြန်မည်ဟု ကြေညာချက်ထုတ်ပြီးနောက် အစပိုင်းတွင် မြန်မာပလာဇာ၌ စစ်တပ်က လုံခြုံရေးလာရောက်ယူပေးခဲ့သော်လည်း နောက်ပိုင်းတွင် အရပ်ဝတ်လုံခြုံရေးပုံစံဖြင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။
မြို့နေလူထု၏ သပိတ်မှောက်မှုရလဒ်အဖြစ် မြန်မာပလာဇာရှိ ဆိုင်ခန်းများ၏ ရောင်းအားမှာလည်း အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုင်အချို့မှ သိရသည်။
”ကိုဗစ်တုန်းကတော့ ဒီလောက်မဆိုးဝါးဘူး။ ဖိအားပေးလို့သာ ဖွင့်ထားရတာ။ ကလေးတွေကို လုပ်ထားတာ မကျေနပ်ဘူး” ဟု အိတ်အရောင်းဆိုင်မှ ဆိုင်ရှင်ဖြစ်ဟန်ရှိသူ ငွေရှင်းကောင်တာရှိ အမျိုးသမီးတစ်ဦးက ခပ်တိုးတိုး ပြောပြသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဆိုင်ခန်းများနှင့် ဝန်ထမ်းအများအပြားကို မေးမြန်းသော်လည်း ဆိုင်အများအပြားမှာ လုံခြုံရေးအရ ပြန်လည်မှတ်ချက်ပေးခြင်း မရှိကြပေ။
မြန်မာပလာဇာသို့ လာရောက်သူများပြားချိန်တွင် စျေးဝယ်သူများအပေါ် ရင့်သီးခဲ့ဖူးသည့် လုံခြုံရေးဝန်ထမ်းများက ယခုကာလ မြန်မာပလာဇာသပိတ်မှောက်ကြချိန်တွင် ဆက်ဆံရေးပိုမိုကောင်းမွန်လာနေကြောင်း မြန်မာပလာဇာသို့ နိုဝင်ဘာ ၂၅ ဖြစ်ရပ်နောက်ပိုင်း သွားရောက်ခဲ့သူ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
”အရင်က မသင်္ကာမျက်လုံးနဲ့ ကြည့်နေတဲ့ကောင်တွေက အခုများ ရိုသေနေလိုက်တာ။ အဲလိုဆက်ဆံခံရတော့ ကိုယ့်ကိုယ်ကိုယ်တောင် အထင်ကြီးမိသွားတယ်” ဟု ၎င်းက ပြောသည်။
ဆန္ဒပြလူငယ်များအပေါ် အကြမ်းဖက်ခဲ့သည့် မြန်မာပလာဇာအပေါ် ထိရောက်မှုပြင်းထန်သည့် လူထု၏ သပိတ်မှောက်မှုသည် စစ်ကောင်စီဘက်တော်သား စီးပွားရေးလုပ်ငန်းများကိုပါ တပ်လှန့်နှိုးဆော်မှုဖြစ်ခဲ့သည်။
လူထု၏ သပိတ်မှောက်မှုမှာ မြန်မာပလာဇာသို့ ကိုယ်တိုင်မသွားရုံသာမက သွားရောက်ခဲ့သူများကို ရှုတ်ချသည်အထိပါ ဖြစ်လာသည်။
“အလုပ်ကိစ္စရှိလို့ မြန်မာပလာဇာ မဖြစ်မနေသွားရတယ်။ အဲ့မှာ ပိုက်ဆံမသုံးချင်ပေမဲ့ စျေးဝယ်လာတဲ့လူလို့ လုံခြုံရေးတွေထင်အောင် တစ်ခုခုဝယ်လာတဲ့အနေနဲ့ အင်းဝစာအုပ်တိုက်က စာအုပ်အိတ်နဲ့ ပြန်ထွက်လာတာ။ ကားမှတ်တိုင်ရောက်တော့ ရွယ်တူအချင်းချင်း ရွံစရာလို အကြည့်ခံရတာ တော်တော်ရှက်ဖို့ကောင်းပါတယ်” ဟု မြန်မာပလာဇာသို့ အလုပ်ကိစ္စဖြင့် မကြာမီက သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။
“လူငယ်တွေရဲ့ စစ်တပ်အပေါ် နာကြည်းစိတ်က တော်တော်အားရစရာပဲ” ဟု ၎င်းက ပြောသည်။
ယခုရက်သတ္တပတ်အတွင်း ကျရောက်သည့် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလအတွက် မြန်မာပလာဇာ၏ အရောင်းမြှင့်တင်ရေးဧရိယာတွင် အရုပ်များ၊ မီးရောင်စုံများဖြင့် အလှဆင်ထားသော်လည်း စျေးဝယ်သူမရှိဘဲ ခြောက်ကပ်နေဆဲဖြစ်သည်။
(ကာယကံရှင်များ၏ လုံခြုံရေးအရ အရောင်းဝန်ထမ်းများ၊ ဆိုင်ရှင်အမည်များ၊ ဆိုင်အမည်များ၊ သတင်းရင်းမြစ်များ အမည်များကို ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိပါ)