
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းများဖြစ်သည့် ကိုအေးအောင်နှင့် ကိုမင်းသွေးသစ်တို့ကို ယနေ့တွင် (ဒီဇင်ဘာ ၃၀) စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်လိုက်သည်။
အင်းစိန်ထောင်တွင်းတရားခွင်၌ ကိုအေးအောင်ကို ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်၊ ကိုမင်းသွေးသစ်ကို မော်တော်ယာဉ်စီမံခန့်ခွဲခြင်းဥပဒေ ပုဒ်မ ၉၅ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နံနက်အစောပိုင်းကတည်းက အဖမ်းခံထားရသည့် ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဟောင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကိုမင်းသွေးသစ်ကို ပရဟိတလုပ်ငန်းသုံး အရေးပေါ်လူနာတင်ယာဉ်မှာ လိုင်စင်မဲ့ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲခြင်းဥပဒေ ပုဒ်မ ၉၅ ဖြင့် အမှုဖွင့်ခံရသော်လည်း အများပြည်သူအကျိုးအတွက် သုံးစွဲသည်ဟု အင်းစိန်ထောင်၌ လာရောက်ရုံးထိုင်ကြားနာသည့် သန်လျင်မြို့နယ်တရားသူကြီးက သုံးသပ်ကာ ထောင်တစ်နှစ် သတ်မှတ်သည်ဟု ကိုမင်းသွေးသစ်၏ ရှေ့နေက ပြောသည်။
“ဒီကားကို ကိုမင်းသွေးသစ် ဝယ်ယူပိုင်ဆိုင်ထားတယ်၊ မောင်းတယ်ဆိုတာ မပေါ်လွင်ဘူး။ ဒါပေမဲ့ ကိုဗစ်ကာလမှာ လူနာတွေကို ဒီကားနဲ့ သယ်ပို့ခဲ့တယ် အသုံးပြုခဲ့တယ်ဆိုတာကတော့ ထင်ရှားတယ်ပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကိုမင်းသွေးသစ်၏ ကျန်းမာရေးကောင်းမွန်နေပြီး ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ရ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် လွတ်မြောက်နိုင်သည်ဟု ရှေ့နေက ပြောသည်။
ကိုမင်းသွေးသစ်သည် ပညာရေးဥပဒေပြင်ဆင်ရေးသပိတ်မှောက်ခဲ့သူ၊ အိုးဝေစာကြည့်တိုက်နှင့် ပညာဒါန (သန်လျင်) ကို တည်ထောင်သူ၊ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလတွင် စေတနာ့ဝန်ထမ်းအဖြစ် အကျိုးဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သည်။
ယနေ့၌ပင် ၁၉၉၆ မျိုးဆက် ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း အသက် ၄၅ နှစ်အရွယ် ကိုအေးအောင်ကို ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်ချမှတ်သည်ဟု ၎င်း၏ရှေ့နေက အတည်ပြုသည်။
တာမွေမြို့နယ်တွင် မတ် ၃ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြစဉ် ဖမ်းခံခဲ့ရသည့် ကိုအေးအောင်ကို အင်းစိန်ထောင်အတွင်းရှိ တရားခွင်၌ တာမွေမြို့နယ်တရားသူကြီးက ကြားနာပြီး အမိန့်ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။
“တရားရုံးရဲ့ သုံးသပ်ချက်ကတော့ တရားလို (စစ်ကောင်စီ)ရဲ့ ထွက်ချက်အရ ဆန္ဒပြမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တယ်ဆိုတာ ထင်ရှားတယ်ဆိုပြီး အမိန့်ချလိုက်တာပါ” ဟု ကိုအေးအောင်၏ ရှေ့နေက ပြောသည်။
ကိုအေးအောင်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၈ တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရကာ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။
လူထုက မဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ထင်ရှားသူနှင့် ၎င်းတို့နှင့် ဆက်ဆံရေးမပြေလည်သူများကို စစ်ကောင်စီက ဖမ်းဆီး၍ ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ်များ ချမှတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)