ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မုံးကိုးမြို့တွင် တိုက်ပွဲများဆက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအချက်ရေ ရာချီပစ်ခတ်နေသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၄ မှ ၂၇ အတွင်း မြို့ပေါ်ရှိ ဗျူဟာကုန်းမှ စစ်တပ်က မြို့အရှေ့ဘက် ၆ မိုင်အကွာ ဖောင်းဆိုင်ဒေသမှ MNDAA ၏ မန်ရန်စခန်း၊ အနီးရှိတောင်တန်းများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သူတို့ ထိုးစစ်ဆင်လာလို့ ဖြစ်တဲ့သဘောပေါ့၊ လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အမြဲခုခံစစ်ဆင်နွှဲနေတဲ့ သဘောပါပဲ” ဟု MNDAA ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးရန်နိုင်က ပြောသည်။
ဒီဇင်ဘာ ၂၆၊ နံနက် ၁၁ နာရီခန့်က အစပြုသော ၆ နာရီကျော်ကြာ တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီတပ်ဘက်မှ ၇ ဦးထက်မနည်း သေဆုံးပြီး ကိုးကန့်အဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထိုနေ့ည ၁၀ နာရီခန့်တွင် စစ်ကူလာသည့် စစ်ယာဉ်တန်းတစ်ခုကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် သေဆုံးပြီး စစ်ထရပ်ကား (FAW ကား) တစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သူက ပြောသည်။
ဒီဇင်ဘာ ၂၅ ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်တစ်လုံး ဖောင်းဆိုင်ဒေသ ပန်းမေရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆၀ ကျော်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု မုံးကိုးဒေသခံတစ်ဦးကလည်း ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၈) ညကလည်း ပစ်ခတ်တိုက်ခိုက်သံများကို မြို့ပေါ်မှ ကြားခဲ့ရသည်ဟု အဆိုပါ ဒေသခံက ဆိုသည်။
“မြို့ပေါ်မှာတော့ သူတို့(စစ်ကောင်စီ)လှုပ်ရှားသွားလာမှု သိပ်မတွေ့ရဘူး၊ ပုံမှန်အတိုင်းလည်ပတ်နေတာပဲ၊ အမြောက်ကုန်းကတော့ ပုံမှန်ပစ်တယ်” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်ကလည်း ရှမ်းပြည်နယ်၊ သိန္ဒီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့ တပ်မဟာ(၂၁၁) တို့ မွန်းလွဲ ၂ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေများကို မသိရသေးကြောင်း ကိုးကန့်ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ဆိုသည်။
ထိုနေ့တစ်နေ့တည်းတွင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပန်ဆိုင်းမြို့နယ်အကြား ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် တပ်မဟာ(၅၁၁)တို့ ဖြစ်သည့် တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။
ထိုနေ့တစ်ရက်တည်းတွင် ဖောင်းဆိုင်ဒေသရှိ MNDAA ၏ မန်ရန်စခန်းဘက်ကို အမျိုးအစားစုံသည့် လက်နက်ကြီးများဖြင့် အချက်ရေ ၁၅၀ ကျော်အထိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသတချို့တွင် တစ်ကျော့ပြန်စစ်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာရာ ထိုအထဲတွင် မြန်မာ – တရုတ် နယ်စပ်မျဉ်းတစ်လျှောက် ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများလည်း ပါဝင်သည်။
မုံးကိုးမြို့နယ်အတွင်း ဇွန်လမှ စတင်သည့် တိုက်ပွဲများ အောက်တိုဘာတွင် ပိုမိုပြင်းထန်လာသောကြောင့် မုံးကိုးမြို့အရှေ့ဘက် ၇ မိုင်အကွာရှိ ကောင်းလုံရွာမှ စစ်ရှောင် ၅၀၀ ခန့်မှာ မြို့ပေါ်တွင် သောင်တင်နေဆဲဖြစ်သည်။
ဒီဇင်ဘာ ၁၅ က MNDAA ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ၆ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ပြီး မည်သည့်ရလဒ်ထွက်ပေါ်ခဲ့ကြောင်း မသိရသေးပေ။
ထိုသို့ဆွေးနွေးပြီး ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်နှင့် အမြောက်ကြီးများပါ အသုံးပြုပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)