သတင်း

မြင်းမူတွင် Mytel တာဝါတိုင် အဖျက်ခံရပြီး နှစ်ရက်ကြာအထိ စစ်တပ်ရောက်လာခြင်းမရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၇) က စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး နှစ်ရက်ကြာသည်အထိ စစ်တပ်နှင့် ရဲများ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့် ဒေသခံတစ်ဦးက ပြောသည်။

မြင်းမူမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ မဲနောကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်ကို စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ နံနက်အစောပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

ဖောက်ခွဲဖျက်ဆီးခံရသည့် Mytel တာဝါတိုင်နှင့် ရဲစခန်းမှာ သုံးမိုင်သာဝေးသော်လည်း နှစ်ရက်ကြာသည်အထိ မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိကြောင်း မဲနောရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်သား​တွေကတော့ အုပ်ချုပ်ရေးမှူး အသတ်ခံရတုန်းက လာတာပဲရှိတယ်။ တခြားအချိန်တွေ မလာဘူး။ မြို့နဲ့လဲ မဝေးဘူး။ အခု တာဝါတိုင်ခွဲခံရတာလဲ မလာဘူး” ဟု အမည်မဖော်လိုသူ အဆိုပါ မဲနောရွာသားက ယနေ့ (ဒီဇင်ဘာ ၂၈) ညနေပိုင်းတွင် ပြောသည်။

မဲနောရွာနှင့် တိုက်နယ်ရဲစခန်းရှိရာ တောချောင်းဦးရွာမှာ သုံးမိုင်သာ ကွာဝေးပြီး၊ နိုဝင်ဘာလအတွင်းက စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးမှူးမရှိကြောင်းလည်း မဲနောရွာသားက ပြောသည်။​

အရာတော်မြို့နယ်မှ PDF အဖွဲ့နှစ်ခုနှင့် ပူးပေါင်းကာ မဲနောရွာရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုရန် တာဝါတိုင်အစိတ်အပိုင်းများကို ဖြတ်တောက်ရာ နံနက် ၈ နာရီခန့်မှ ညနေ ၆ နာရီအထိ ကြာမြင့်ခဲ့ကြောင်း မြင်းမူအခြေစိုက် ဇာမဏီ (ZRF) အမည်ရ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

မြင်းမူမြို့နယ် မဲနောက်ကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသခံ PDF များက ဒီဇင်ဘာ ၂၇ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့စဉ်။ (ဓာတ်ပုံ – ပေးပို့) 

“အရင်အခါတွေ လုပ်တုန်းက ကျွန်တော်တို့က ခွဲခွဲပြီးပြေးတာ။ သူတို့ သတင်းပေးတွေနဲ့ လာကြည့်တာမျိုးတော့ ရှိတယ်။ အခုကျတော့ လူအင်အားသုံးပြီး ကင်း(လူစောင့်) တွေဘာတွေချပြီး အဖွဲ့နဲ့လုပ်တာ။ အခုကျတော့ ဘယ်သူမှ မလာဘူးကြားတယ်။ သူတို့ လူမရှိတာလား ဘာလို့လဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါတာဝါတိုင်ရှိ ဆက်သွယ်ရေးပစ္စည်းများကို စက်တင်ဘာလနှင့် နိုဝင်ဘာလအတွင်း အခြားတော်လှန်ရေးအဖွဲ့များက ဖျက်ဆီးခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင် လက်လုပ် RPG (ပခုံးထမ်းလောင်ချာ) နှင့် လက်လုပ်မိုင်းများ ပြုလုပ်ရန် တာဝါတိုင်အရင်းမှ ဖြိုလှဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

၎င်းတို့အဖွဲ့အနေဖြင့် မြင်းမူမြို့နယ်တွင် Mytel တာဝါတိုင် ၅ ခုကို ဖျက်ဆီးခဲ့ပြီးဖြစ်ကာ အရာတော် PDF က ၁၉ တိုင်အထိ ဖျက်ဆီးခဲ့ကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင်များမှ ရရှိသည့် အစိတ်အပိုင်းများဖြင့် လက်လုပ် RPG နှင့် လက်လုပ်မိုင်း ၅၀၀ ခန့် ထုတ်လုပ်ပြီးဖြစ်သည်ဟုလည်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။​

စစ်ကောင်စီကို ခုခံတော်လှန်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ Mytel ဆက်သွယ်ရေးတာဝါတိုင်များ ဆက်တိုက်ဖျက်ဆီးခံနေရသည်။ အစပိုင်းတွင် စစ်ကောင်စီ၏ အကျိုးစီးပွားကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဒေသခံ PDF များက လက်နက်ထုတ်ရေးအတွက် ရည်ရွယ်လာသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၀၀ ကျော် ဖျက်ဆီးခံရသည့်အနက် ၃၆၀ မှာ Mytel တာဝါတိုင်များဖြစ်ကြောင်း စစ်ကောင်စီ၏ ဒီဇင်ဘာ ၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက ၎င်း၏အကျိုးစီးပွား ထိခိုက်လာသည့်အတွက် Mytel တာဝါတိုင်များကို အနီးကပ်လုံခြုံရေးဖြင့် စောင့်ကြည့်ခြင်း၊ အကာအရံချထားခြင်း၊ ဒေသခံများကို သတိပေးခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။​

တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရပါ စစ်ကောင်စီတပ်ဖွဲ့များ အလျင်အမြန်ရောက်လာလေ့ရှိသည်။ အောက်တိုဘာလအတွင်းက မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကားခြောက်စီး ရောက်လာခဲ့သည်။ 

လုံခြုံရေးအတွက် စစ်တပ်က Mytel ကုမ္ပဏီနှင့် ပူးပေါင်းကာ ဆယ်သွယ်ရေးတာဝါတိုင်ဝန်းကျင်၌ မြေမြှုပ်မိုင်းထောင်ခြင်းများရှိပြီး တာဝါတိုင်ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပွားရာ စစ်ကိုင်းတိုင်းအတွင်း နင်းမိုင်းထောင် ကာကွယ်နေသည်မှာ နှစ်လရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ကုမ္ပဏီအင်ဂျင်နီယာတစ်ဦးက နိုဝင်ဘာလဆန်းပိုင်းတွင် ပြောသည်။ 

“ဖောက်ခွဲမှုတွေ များလာတဲ့အချိန်မှာ စပြီးလုပ်တာ။ မိုင်းထောင်ခိုင်းတာတော့ မဟုတ်ဘူး။ သူတို့ (စစ်တပ်) ဘက်က မိုင်းထောင်မယ်။ ဒါပေမဲ့ ဘယ် Site (တာဝါရှိရာနေရာ) တွေက အရေးကြီးဆုံးလဲ။ အဲဒါကို အဓိက Support (အကူအညီ) ခိုင်းတယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ၎င်းက ပြောသည်။​

ဗီယက်နမ်နှင့် မြန်မာစစ်တပ်များ အချိုးကျရင်းနှီးမြှုပ်နှံထားသည့် Mytel ဆက်သွယ်ရေးကုမ္ပဏီရုံးချုပ်က တာဝါတိုင်များ လုံခြုံရေးပြောကြားထားသော်လည်း ကုမ္ပဏီဝန်ထမ်းအချို့ပါ မိုင်းထိလာသည့်အတွက် နင်းမိုင်းလုပ်ငန်း မရှိတော့ဟုလည်း Mytel ကုမ္ပဏီမှ အခြားအင်ဂျင်နီယာတစ်ဦးက ယခုလဆန်းပိုင်းတွင် အသိပေးသည်။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းတွင် Mytel တာဝါတိုင်ပေါင်း ၁၅၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး အခြားတိုင်းနှင့် ပြည်နယ်များထက် သုံးဆကျော် ပိုများသည်။ 

ဧရာဝတီတိုင်း အိမ်မဲမြို့နယ်တွင် စက်တင်ဘာလအတွင်းက Mytel တာဝါတိုင်ကို စစ်ကောင်စီတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ – Supplied) 

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် တစ်ရက်တည်း၌ပင် Mytel တာဝါတိုင် ၁၁ ခု ဖျက်ဆီးခံခဲ့ရပြီး ထိုသို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ကြောင်း ဒေသခံများကို ကိုးကားလျက် RFA သတင်းဌာန၏ စက်တင်ဘာလဆန်းပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ 

ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းမှပါ အပြင်းအထန်တိုက်ခိုက်နှိမ်နင်းနေသည်မှာ လနှင့်ချီရှိပြီဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်၏ Pinnacle Asia ကုမ္ပဏီသည် Mytel ဆက်သွယ်ရေးတာဝါတိုင်များကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button