သတင်း

နတ်ချောင်းရွာကို စစ်တပ်က နေ့ညဆက်မီးရှို့ကာ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရွာရှိ နေအိမ်များကို နေ့ညဆက် မီးရှို့နေကာ ရဟတ်ယာဉ်များဖြင့်လည်း စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုသည်။

ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာရှိ နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းနှင့် ယနေ့ (ဒီဇင်ဘာ ၂၈) နံနက်ပိုင်းတွင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးနေသည်ဟု မြေပြင်သတင်းပေးပို့ချက်များကို ကိုးကား၍ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ညဆို မီးတောက်တွေ လှမ်းမြင်ရတယ်။ အခုမနက်က လေးလုံးလို့ ကြားတယ်။ မီးခိုးတွေထနေတုန်းပဲ။ (နံနက်) ၉ နာရီ ၂၀ လောက်က ရှို့နေတာ။ ၁၆ လုံး ၁၂ လုံး ဆုံးရှုံးတယ်လို့ သတင်းပို့ပေမဲ့ ရွာထဲကို ဝင်နိုင်တဲ့ အခြေအနေမရှိတော့ ကျွန်တော်တို့ အတည်မပြုပေးသေးဘူး” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ယနေ့ နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။ 

ထို့ပြင် ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ထံ ယမန်နေ့တွင် ရဟတ်ယာဉ်များဖြင့် လက်နက်ပစ္စည်းနှင့် လူအင်အားများ ဖြည့်တင်းပေးခဲ့သည်ဟု ဆိုသည်။ 

“ရဟတ်ယာဉ်သုံးစီးနဲ့ အင်အားတိုးချဲ့နေတာ။ အင်အား ၁၀၀ နီးပါးလောက် ရှိတယ်။ အစက နည်းနည်းရယ်။ အဲဒါကနေ လက်နက်တွေ၊ ကျည်တွေ ချတယ်။ မြောက်ဘက်မှာ လေယာဉ်ဆင်းပြီးတော့မှ နတ်ချောင်းကို ပြန်ဝင်လာတော့ပေါ့။ ဗိုလ်အောင်ဒင်ပြန်လာပြီပေါ့။ သတ္တိရှိတဲ့ကောင် ထွက်ခဲ့ပေါ့။ တစ်ရွာလုံး မီးတိုက်ရှို့မယ်ပေါ့။ ကြွေးကြော်ပြီးမှ ပြန်ဝင်လာတာဗျ” ဟု က.ပ.ဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နတ်ချောင်းရွာနှင့် ၁၅ မိုင်ကျော်ဝေးသော သံဖိုရွာတွင် ယမန်နေ့က မီးရှို့ခံရသဖြင့် ဆန်စက်နှင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု PDF (ကလေး) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။​ 

ဒီဇင်ဘာ ၂၃ ရက်က နတ်ချောင်းရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်သဖြင့် ဒေသခံ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီကို ပ.က.ဖ အဖွဲ့၊ ကလေး (PDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။​ နတ်ချောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် ဒီဇင်ဘာ ၂၆ တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်။ 

ကလေးမြို့နယ်တွင် ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကာ ၎င်းတို့ဘက်မှ ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရှိထားကြောင်း ဒေသခံ PDF အဖွဲ့များက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ ထိခိုက်ဒဏ်ရာရ၊ သေဆုံးစာရင်းများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးဆက်လက်တင်းမာနေသဖြင့် ကလေး – ဂန့်ဂေါလမ်းမကို ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ဘေးလွတ်ရာတိမ်းရှောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် PDF (ကလေး) က ယမန်နေ့တွင် သတိပေးထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်စဉ် ဒီဇင်ဘာ ၂၃ ရက်က သေဆုံးခဲ့သော အရပ်သား ၁၀ ဦးအနက် တပ်စွဲထားသော စစ်တပ်ရန်ကြောင့် ရုပ်အလောင်းငါးလောင်းကိုသာ ကောက်ယူနိုင်သေးကြောင်းလည်း ပ.က.ဖ ပြန်ကြားရေးတာဝန်ခံက ပြောကြားထားသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် နတ်ချောင်းရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်၊ စောင်၊ ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button