သတင်း

ခရီးသည်တင်လေယာဉ်ကို ဒုံးနှင့် ပစ်သည်ဟု စစ်ကောင်စီစွပ်စွဲချက် KNPP ငြင်း

ရန်ကုန်မှ ထွက်ခွာလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်း ယနေ့ (ဒီဇင်ဘာ ၂၄) နံနက် ၉ နာရီခန့်က လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု စစ်ကောင်စီ၏ စွပ်စွဲချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်က ငြင်းသည်။

ခရီးသည် ၆၄ ဦး တင်ဆောင်လာသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းလေယာဉ်ကို လွိုင်ကော်မြို့အနောက်ဘက် ဘာဒိုကျေးရွာအနီးနှင့် သင်္ချိုင်းကုန်းနေရာတို့မှ ပစ်သည်ဟု စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် ကြေညာသည်။

ထိုဒုံးများမှာ လေယာဉ်ကွင်းအနီး ကျရောက်ပေါက်ကွဲသော်လည်း လေယာဉ်၊ လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း၊ KNPP နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က စစ်ကောင်စီထုတ်ပြန်ချက်မှာ ပြောင်းပြန်ဖြစ်နေသည်ဟု ပြောသည်။

“ဘာဟုတ်မတုန်း၊ အလကားလျှောက်ပြောတာလေ။ သူတို့ပဲ ၅၄ (ခြေလျင်တပ်ရင်း) ဗုံးသီးတွေနဲ့ ရမ်းသန်းပြီး ပစ်တဲ့အတွက် ဘာဒိုရွာနဲ့ နာနတ်တောရွာထဲကို ကျသွားတာ” ဟု KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

“ကျွန်တော်တို့က ဘယ့်နှယ် ခရီးသည်တင်လေယာဉ်ကို သွားပစ်မတုန်း။ ကျွန်တော်တို့က အဲလိုမရှိဘူး။ သူတို့ပဲ လူထုကို ပစ်တာ”  

ဘာဒိုရွာမှာ လွိုင်ကော်လေဆိပ်နှင့် ၁၀ မိနစ်ခန့်ခရီးသာရှိသည်။ 

စစ်တပ်၏ ပစ်ခတ်မှုမှာ ဘာဒိုရွာအတွင်းရှိ ခြံဝင်းတစ်ခုထဲသို့ ကျရောက်ပြီး ဒေသခံတစ်ဦးသေသည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း ထိုဖြစ်စဉ်ကြောင့် ဒေသခံတစ်ဦးသေဆုံးသည်ဟု ယနေ့ ၁၁ နာရီဝန်းကျင်တွင် သတင်းထုတ်ပြန်သည်။

လွိုင်ကော်လေဆိပ်မှ တစ်မိုင်ခွဲအကွာရှိ ဒေါမူကလားကျေးရွာသားတစ်ဦး၏ အဆိုအရ နံနက် ၉ နာရီတွင် ၎င်းတို့ကျေးရွာအနီးရှိ ယာခင်းတစ်ခုအတွင်း လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

“မီးခိုးလုံး ဖုန်လုံးတွေ တွေ့ရတယ်။ အသံ ၂ မျိုးကြားရတယ်။ လေချွန်သံနဲ့ ဒလက်လည်သံ။ လေဆိပ်ကိုကျော်ပြီး အဲဒီမှာကျကွဲတာ။ မြေဖုန်တွေ အမြင့်ကြီးတက်လာတာ” ဟု ၎င်းက ပြောသည်။

ထိုအချိန်အတွင်း ပေါက်ကွဲသံတစ်ကြိမ်သာ ကြားရသဖြင့် စစ်ကောင်စီပြောသည့် ရှော့တိုက်ဒုံး လေးလုံးဖြင့် အပစ်ခံရသည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း အထက်ပါဒေသခံက သုံးသပ်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၃) ကလည်း ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်သည်ဟု ဒေသတွင်းသတင်းများကဆိုသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပါ။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် ကရင်နီဒေသအတွင်း ရှိရင်းစွဲ KNPP ကဲ့သို့သောတပ်များ၊ PDFများက တက်ကြွစွာပါဝင်ဆင်နွှဲနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button