ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၄) နေ့လယ် ၃ နာရီခွဲကျော်တွင် လေယာဉ်ဖြင့် ဗုံးနှစ်လုံးထပ်မံကြဲချသည်။
ယမန်နေ့ည ၁၀ နာရီ ၁၀ မိနစ်ကလည်း ထိုမြို့အနီးသို့ ဗုံး ၂ လုံး ကြဲချခဲ့သေးသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ကတည်းက လေးကေ့ကော်မြို့သစ်ကောင်းကင်ယံတွင် လေယာဉ်ပျံသန်းမှုများ ရှိနေပြီးနောက် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုသည်။
သို့သော် ဗုံးကျရောက်ပေါက်ကွဲသည့် နေရာနှင့် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးပေ။
“လေယာဉ်နဲ့ ထပ်လာပစ်တယ်လို့ ကြားတယ်။ မြေပြင်သတင်းတော့ တက်မလာသေးဘူး။ နေရာအတိအကျတော့ ပြောလို့မရသေးဘူး”ဟု ၎င်းက ပြောသည်။
လေးကေ့ကော်မြို့အနီးတွင်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ဗုံးကျသည့် နေရာသည် ယမန်နေ့ (ဒီဇင်ဘာ ၂၄) ည ဗုံးကြဲခံရသည့် နေရာနှင့် ဝေးသည်ဟု သိရသည်။
စစ်ကောင်စီက ပထမအကြိမ် လေယာဉ်ပေါ်မှ ကြဲချသည့် ဗုံး ၂ လုံးမှာ လေးကေ့ကော်မြို့ အနောက်ဘက်ခပ်လှမ်းလှမ်းရှိ သင်္ဘောခြံအတွင်း ကျရောက်သည်ဟု ထိုသူက အတည်ပြုသည်။
“အခုကတော့ လေယာဉ်တွေ မရှိတော့ဘူး။ မနက်က လေယာဉ်တစ်ခါဝဲတယ်။ နေ့လယ် တစ်ခါဝဲတဲ့အချိန်မှာ နိမ့်နိမ့်လေး ပျံပြီး ပစ်သွားတာ”ဟု ထို PDF က ညနေ ၄ နာရီခွဲတွင် ပြောသည်။
“ဒီနေ့လယ် ပစ်တဲ့နေရာအတိအကျတော့ မခန့်မှန်းနိုင်ဘူး။ လေးကေ့ကော်အနီးမှာရှိတဲ့ တောင်ပေါ်က စခန်းတွေကို ပစ်တယ်လို့ ထင်တယ်”
လေးကေ့ကော်မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးဟု ပြောသည်။
ဗုံးကြဲခံရပြီးနောက် တစ်ချိန်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ဒေသတွင်းသို့ ပစ်ခတ်တိုက်ခိုက်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်ပိုင်းမှစ၍ လေးကေ့ကော်မြို့အနီးရှိ ကျောက်ဂူရွာနှင့် မင်းလက်ပံရွာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေသည်။
လေးကေ့ကော်မြို့တောင်ဘက်ရှိ မေတ္တာလင်းမြိုင်ရွာအနီး အခိုင်အမာတည်ဆောက်ထားသည့် စစ်ကောင်စီ၏ စခန်းတစ်ခုကို နေ့လယ် ၁ နာရီဝန်းကျင်တွင် ၆၀ မမ စိန်ပြောင်းနှင့် နှစ်ကြိမ်ပစ်ခဲ့သည်ဟု KNLA စစ်သားတစ်ဦးက ပြောသည်။
“ဒီနေ့ တိုက်ပွဲက အရှိန်မြင့်တယ်” ဟု ၎င်းက ပြောသည်။
ထိုစခန်းကို ဖြိုခွင်းချိန်တွင် စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်မှု မရှိတော့ဟု ဆိုသော်လည်း ထိခိုက်၊ သေဆုံးမှုသတင်း မရသေးပေ။
KNU တာဝန်ရှိသူတို့ကမူ စစ်ရေးကိစ္စများကို အသေးစိတ်ထုတ်ပြောရန် ငြင်းဆိုထားသည်။
စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းအပါအဝင် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ကြရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက ယနေ့တွင် ကြေညာချက်ထုတ်၍ တောင်းဆိုထားသည်။
KNU ကလည်း စစ်တပ်က လေယာဉ်နှင့် ပထမအကြိမ်ဗုံးကြဲမှုမတိုင်မီ သုံးရက်အလို ဒီဇင်ဘာ ၂၀ ရက်ကပင် လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုထားသည်။
လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်နေခြင်းဖြစ်သည်။
ထိုဒေသအတွင်း တိုက်ပွဲများ ၁၀ ရက်ဝန်းကျင် ရှိလာချိန်တွင် ဒေသခံ ထောင်သောင်းချီ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်အနီးသို့ ထွက်ပြေးခိုလှုံနေရသည်ဟု ပဒိုစောတောနီးက ပြောထားသည်။
လေးကေ့ကော်မြို့တစ်ဝိုက် ထိုသို့ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



