သတင်း

ကန့်ဘလူမှ အသတ်ခံရသူ သားအဖအိမ်ကို စစ်တပ် မီးရှို့ဟု ဒေသခံတို့ ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးကျေးရွာတွင် လွန်ခဲ့သည့် နှစ်လက ဖမ်းဆီးသတ်ဖြတ်ခံရသည့် သားအဖနှစ်ဦး၏ နေအိမ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံ ၄ ဦးထံမှ သိရသည်။

ဒီဇင်ဘာ ၁၇ နံနက် ၈ နာရီဝန်းကျင်၌ အရပ်ဝတ်လက်နက်ကိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင် ကံကြီးရွာသို့ ရောက်ရှိလာပြီး အဆိုပါနေအိမ်တစ်အိမ်တည်းကို မီးရှို့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

သိန်း ၄၀၀ ခန့် တန်သည့် ထိုအိမ် မီးရှို့ခံရစဉ် အိမ်တွင် နေထိုင်သူမရှိကြောင်း စစ်ကောင်စီတပ်၏ ရန်ကြောင့် အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း မစဉ်းစားတတ်တော့ဘူး၊ လူတောင်မှ သေသွားပါပြီဆိုမှ ဘာလို့ အိမ်ကို မီးရှို့လဲဆိုတာ။ ခေတ်တန်ကြေးနဲ့ ပြောမယ်ဆို သိန်း ၄၀၀ လောက် ရှိမယ်” ဟု အဆိုပါ အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားက ပြောသည်။

“လူလည်း မနေရဲဘူး။ အဲဒီအိမ် ဘယ်သူမှလည်း မသွားရဲကြတော့ဘူး။ ပိတ်ထားတာပဲကို”

အခြားသော အိမ်များ မီးလောင်ကျွမ်းခြင်း မရှိကြောင်း၊ ထိုလက်နက်ကိုင်များသည် ရွာတွင် တစ်နာရီခန့်ကြာ ရှိနေခဲ့ပြီး လူတချို့ကို ရိုက်နှက်ကာ ပစ္စည်းများ ယူဆောင်သွားကြောင်း Myanmar Now က ဆက်သွယ်ခဲ့သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ ကံကြီးရွာနေထိုင်သူ အခြားအမျိုးသားနှစ်ဦးကလည်း ပြောသည်။ 

အောက်တိုဘာ ၂၀ တွင် ၄၅ နှစ်အရွယ် ဦးတင်ထွန်း၊ သားဖြစ်သူ ၂၃ နှစ်အရွယ် ကိုကောင်းသီဟ (ခေါ်) ကောင်းကြီးတို့ ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများ ရွာအနီး လမ်းမတွင် ပစ်ချခံထားရသောကြောင့် ကန့်ဘလူမြို့နယ်၊ လူမှုကူညီရေးအသင်းတစ်ခုက သယ်ဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ရသည်ဟု အထက်ပါ ဒေသခံနှစ်ဦးက ပြောသည်။ 

ကိုကောင်းသီဟ (ခေါ်) ကောင်းကြီးသည် ချပ်သင်းကျေးရွာသို့ သွားရောက်စဉ် လမ်းတွင် ဖမ်းဆီးခံရကြောင်း၊ ဖခင် ဦးတင်ထွန်းလည်း ထိုရက်တွင်ပင် ဖမ်းဆီးခံရသည်ဟု ကြားသိရသော်လည်း အသေးစိတ်ကို မသိရှိရကြောင်း ဒေသခံများထံမှ သိရသည်။  

ရုပ်အလောင်းပုံများကို ကန့်ဘလူမှုကူညီရေးအသင်းက Facebook ပေါ် တင်မှသာ သေဆုံးသည့် သတင်းကို ၎င်းတို့ သိရှိရခြင်းဖြစ်သည်ဟု ဆိုကြသည်။

တချို့ကလည်း ဟန်ငြိမ်းဦး Facebook စာမျက်နှာအပါအဝင် အာဏာသိမ်းမှုထောက်ခံသူတို့၏ အွန်လိုင်းစာမျက်နှာများတွင် ထိုအကြောင်း ပုံနှင့်တကွ တင်ထားမှ သေဆုံးကြောင်း သိကြသည်ဟု ပြောကြသည်။ 

သားအဖနှစ်ဦး သေဆုံးရခြင်းမှာ ဆိုင်ကယ်မောင်းပြေးခြင်းကြောင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အသေပစ်ခတ်ဖမ်းဆီးရမိသော PDF အဖွဲ့ဝင် ၂ ဦး၏ ဆိုင်ကယ်တွင် မိုင်းတင်ဆောင်လာကြောင်း ထိုစာမျက်နှာများတွင် လိမ်ညာရေးသား ဝါဒဖြန့်ခဲ့ကြသည်ဟု အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“နှစ်ယောက်လုံး ဆိုင်ကယ်စီးလာတယ်၊ ရပ်ခိုင်းတာကို မရပ်ပေးဘူး၊ ပစ်ပြီး ဖမ်းတယ် ဒါပဲပေါ့။ ဟန်ငြိမ်းဦးအကောင့်နဲ့ တင်တာ။ ပြီးတော့ မိုင်း(ဖမ်း)မိတယ်ပေါ့။ တကယ်သေတာက စစ်ကြောရေးမှာ သေတာ” ဟု သူက ပြောသည်။ 

“လူမှုကူညီရေးအသင်းကတော့ အမည်မသိ အလောင်းနှစ်လောင်းကို သွားကောက်ပြီး သင်္ဂြိုဟ်လိုက်တဲ့ပုံမျိုးပဲ တင်လိုက်တာ”

ကျန်ရစ်သည့် မိသားစုဝင်များမှာ ထိုဖြစ်ရပ်များကြောင့် ရွာမှ တိမ်းရှောင်နေပြီး ၎င်းတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားသည်ဟု ဆိုသည်။ 

သားအဖနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့်ပြင် နေအိမ် မီးရှို့ခံရသည်၊ စစ်သားတို့က ပစ္စည်းများယူသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကန့်ဘလူမြို့မရဲစခန်းကို မေးမြန်းရန် ယနေ့ ကြိုးပမ်းသော်လည်း တာဝန်ကျအရာရှိက ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

ကန့်ဘလူမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့ (Kanbalu People Defence) အဖွဲ့ဝင်တစ်ဦးက ဦးတင်ထွန်း၏ နေအိမ်ကို မီးရှို့သွားသည့် တပ်ဖွဲ့သည် ယင်းနေ့မှာပင် ချပ်သင်းကျေးရွာအုပ်စု၊ ပေါက်စိန်ကုန်းရွာမှ မြေပဲခင်းတစ်ခုတွင် တောင်ယာလုပ်ကိုင်နေသူ ဦးဇော်ဝင်းဆိုသူကို လွယ်အိတ်ထဲတွင် လက်လုပ်သေနတ်ရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားသည်ဟု ပြောသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က “အရိပ်မဲ့ စစ်ဆင်ရေး” ဆိုကာ လက်နက်ကိုင်အင်အား ၄၀၀ ခန့်နှင့် စစ်ကြောင်းထိုးနေပြီး နေအိမ်မီးရှို့ပြီးနောက် ကောလင်းမြို့သို့ ဆက်တက်သွားသည်ဟု ၎င်းက ဆိုသည်။

ထိုသို့ စစ်ကြောင်းဖြတ်သန်းစဉ် တိုက်ခိုက်မှုမပြုနိုင်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။

“လက်နက်အင်အား မရှိလို့ ရှောင်လိုက်တာပါပဲ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ပြင်ဆင်နေကြတာပဲလေ” ဟု ၎င်းက ဆိုသည်။ 

“လက်နက်အင်အား ပြည့်စုံပြီဆိုရင် ဗျူဟာမှူးတွေရဲ့ ခွင့်ပြုချက်ရပြီဆိုရင် လှုပ်ရှားဖို့ အသင့်ပါပဲ” 

ကန့်ဘလူမြို့နယ်အတွင်းရှိ ရီးဒွေးကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး လေးကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button