သတင်း

လေးကေ့ကော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၃) ညပိုင်းတွင် လေကြောင်းမှ စတင်ဗုံးကြဲတိုက်ခိုက်နေကြောင်း ထိုဒေသအတွင်း ရောက်ရှိနေသူအချို့နှင့် KNU တာဝန်ရှိသူက အတည်ပြုသည်။

လေးကေ့ကော်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အချိန်မရွေးဖြစ်ပေါ်လာနိုင်သဖြင့် ကုလသမဂ္ဂဦးဆောင်ကာ အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် KNU က တောင်းဆိုအပြီး သုံးရက်အကြာတွင် စစ်ကောင်စီက လေကြောင်းမှ စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်က ယနေ့ည ၁၀ နာရီခွဲခန့်မှစ၍ လေကြောင်းမှ စတင်တိုက်ခိုက်ခြင်းဖြစ်ကာ လေယာဉ်ဖြင့်ပစ်ခတ်မှု လေးကေ့ကော်မြို့သစ်အနီးသို့ ကျရောက်ပြီး မကြာမီ မြေပြင်တွင် တပ်စွဲထားသည့် စစ်တပ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်က မသဲကွဲဘူး။ အသံပဲ ကြားလိုက်ရတယ်။ လက်နက်ကြီးနဲ့ အခုထိပစ်နေတုန်း”ဟု ၎င်းက ပြောသည်။

မြဝတီမြို့ခံနှစ်ဦးနှင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်း မြဝတီ− မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးတွင် နေထိုင်သူတစ်ဦးကလည်း လေယာဉ်သံနှင့် ပေါက်ကွဲသံများကြားရကြောင်း အတည်ပြုသည်။

​​”ကျွန်တော်လည်း လေယာဉ်သံကြားရတယ်။ လက်နက်ကြီးတွေ အခုထုနေတယ်၊ ၁၀ နာရီမခွဲခင်လောက်ပေါ့။ အခုချိန်ထိ အသံတွေ ကျွန်တော်ကြားနေရတုန်းပဲ” ဟု မြဝတီမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ 

မဲဆောက်တွင် နေထိုင်သူကလည်း “ခုလည်း ကြားနေရတယ် နှစ်ချက်ဆက်တိုက်။ ဗုံးသံမဟုတ်ဘူး လက်နက်ကြီးသံမျိုးကြားရတာ။ ၆ ချက် ၇ ချက်လောက် ကြားရတယ် မြေပါတုန်တယ်” ဟု ပြောသည်။

လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း Myanmar Now ကို အတည်ပြုသည်။

“တကယ်ဖြစ်မယ်ဆိုတာ ကျန်တော်တို့ ပြောထားတယ်။ အခု ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ကွက်တိပဲ။ အထူးသဖြင့် လိုအပ်နေတာက ပြည်သူလူထုကာကွယ်မှုအတွက်ပဲ။ အရပ်သားတွေကို အကာအကွယ်ပေးရေးဆိုတာ နိုင်ငံတကာ တလေးတစားရှိထားတဲ့ ဥပဒေသတွေပဲ” ဟု ၎င်းက ပြောသည်။

လေကြောင်းမှတိုက်ခိုက်ခံရမှုကို အတည်ပြုနိုင်သော်လည်း မြေပြင်အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်နေသည်ဟု ပဒိုစောတောနီးက ဖြည့်စွက်ပြောကြားသည်။

လေကြောင်းတိုက်ခိုက်မှု စတင်သည်နှင့်တစ်ပြိုင်နက် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ စစ်ကားအစီး ၄၀ ခန့်သည် လေးကေ့ကော်ဘက်သို့ ဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အတည်ပြုသည်။ 

အဆိုပါသတင်းရင်းမြစ်၏ အဆိုအရ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုမှာ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စခန်းကုန်းအချို့ကို ဦးတည်ကြောင်း သိရသည်။

ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးရှိ ဖလူးလေးစစ်ရှောင်စခန်းတွင် ခိုလှုံနေသူ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့ အိပ်ပျော်နေတုန်း ၁၀ နာရီ ၁၅ လောက်မှာ လေယာဉ်သံတွေစကြားရတာ၊ လေယာဉ်သံကြားပြီး မကြာဘူး ဗုံးကြဲလိုက်တဲ့အသံ “အုန်း” ဆိုတဲ့ အသံနဲ့အတူ လေယာဉ်သံပါ ရောပြီးကြားရတာ။ အခုလည်း လက်နက်ကြီးနဲ့ ထုနေတယ် ဆက်တိုက်ပဲ” ဟု ပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရှောင်စခန်းနှင့် နီးကပ်နေသည်ဟု ယူဆရသည့်ပြင် လက်နက်ကြီးကျည်များ ကျရောက်လာမည်ကို စိုးရိမ်သည့်အတွက် ညတွင်းချင်း ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားကာ တစ်နေ့ထက်တစ်နေ့ စစ်ရေးအခြေအနေတင်းမာခဲ့သည်။ 

စစ်ကောင်စီက ၎င်းတို့ကိုခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းနှင့် ယောဒေသအတွင်းရှိ ကျေးရွာတချို့ကိုလည်း ယခုရက်ပိုင်းအတွင်း မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button