
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) ဘက်တွင် ယနေ့ (ဒီဇင်ဘာ ၂၃) နံနက် ၈ နာရီမှစ၍ လက်နက်ငယ်ပစ်ခတ်သံများ ကြားရကြောင်း၊ လေ့ကျင့်ပစ်ခတ်မှုဖြစ်နိုင်ကြောင်း မြို့ခံများ၊ အနီးဝန်းကျင်မှ ရွာသားများက ပြောသည်။
“ဒီနေ့ပစ်တာကတော့ အသိပေးတာတွေလည်း မကြားရဘူး၊ ဘယ်လိုမျိုးလဲ မသိဘူး။ ပစ်သံပဲကြားတယ်။ တိုက်ပွဲတော့ မဟုတ်ဘူး” ဟု ကျောက်တော်မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ပြည်သူတွေကတော့ အသံကြားလို့ ဘာမှမဖြစ်ဘူး။ ပြည်သူတွေက ဒီပစ်သံလောက်ကို ရိုးနေပြီ”
စကခ(၉) တပ်မမှာ မြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာ စစ်တွေ – ရန်ကုန် အာရှကားလမ်းမကြီးဘေး၌ တည်ရှိသည်။
အနီးတွင် ရုပ်သား၊ ခေါင်းတုတ်၊ နာဂရာကျေးရွာတို့ ရှိကြပြီး ထိုပစ်ခတ်မှုမှာ တပ်မိသားစုဝင်များကို လက်နက်ငယ်ပစ်ခတ်နည်း သင်ကြားပေးနေခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ရုပ်သားကျေးရွာသားတစ်ဦးက ပြောသည်။
“သူတို့တပ်မ တောင်ဘက်က ကုလားတန်မြစ်ကမ်းဘေးက တောင်ကုန်းမှာ လက်နက်တွေ ပစ်ခတ်လေ့ကျင့်တဲ့နေရာ လုပ်ထားတယ်လို့ မျက်မြင်ငါးဖမ်းပိုက်သမားတွေက ပြောပါတယ်” ဟု သူက ဆိုသည်။
“ပြီးခဲ့တဲ့ လေးငါးရက်ကလည်း သူတို့ သတင်းတွေကြေညာပြီး တစ်ခါလုပ်ပြီးပြီ။ အခုကတော့ သတင်းမကြေညာဘဲ ပစ်တာ။ အတွဲလိုက်လည်း ပစ်တယ်။ တစ်တောင့်ချင်းပစ်တာလည်း ကြားတယ်”
ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပေ။
ဒီဇင်ဘာ ၁၆ နှင့် ၁၇ တို့တွင် ကျောက်တော်၌ စစ်တပ်က နှစ်ရက်ဆက်တိုက် လက်နက်ငယ်များ လက်တွေ့လေ့ကျင့်ပစ်ခတ်ခဲ့စဉ်က ကြိုတင်အသိပေးအကြောင်းကြားခဲ့သည်။
ရခိုင်ဒေသတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ၂ နှစ်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် အာဏာမသိမ်းမီ ၃ လ အလိုတွင် ရပ်တန့်သွားသည်။
စစ်ကောင်စီတပ်က ပြန်လည်အေးချမ်းနေသည့် ဒေသတွင် ပစ်ခတ်လေ့ကျင့်ရာမှ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသူများရှိသလို တိုက်ပွဲလိုလားသူများလည်းရှိနေသည်ဟု ကျောက်တော်မြို့နယ်မှ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
“ပြည်သူတွေက ကောက်ပဲသီးနှံတွေ ရိတ်သိမ်းနေတဲ့အချိန်မှာတော့ မဖြစ်စေချင်ဘူး၊ တစ်ဖက်ကလည်း တိုက်ပွဲကို ဖြစ်စေချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ပြည်သူတွေကလည်း ကိုယ့်အဖ ရခိုင်ပြည်ကို ရဖို့အတွက် စိတ်အားထက်သန် လိုလားနေကြတာ” ဟု အမည်မဖော်လိုသည့် ထိုကျေးရွာသားက ဆိုသည်။
ကျောက်တော်မြို့ခံတစ်ဦးကလည်း အလားတူ ယူဆနေသည်။
“သူတို့အနေနဲ့ တိုက်ပွဲဖြစ်ချင်တဲ့ ဆန္ဒတွေရှိနေတယ်၊ တိုက်ပွဲခေါ်နေတာလို့ပဲ သုံးသပ်မိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း အာရက္ခနိုင်ငံတော်ကြီးကို မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ချင်တဲ့ဆန္ဒ ရှိလာကြတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ရခိုင်ဒေသတွင် AA အင်အားကြီးလာမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။
တစ်ချိန်တည်းတွင်ပင် နိုင်ငံအနှံ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်သူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေရသဖြင့် ရခိုင်ဒေသကို စစ်မျက်နှာဖွင့်ရန် အသင့်မဖြစ်နိုင်သေးဟု လေ့လာသူများက ယူဆနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)