
တောင်တွင်းကြီး – စက်တင်ဘာ ၁ဝ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး တိုက်ခိုက်ခံခဲ့ရသည့် တောင်တွင်းကြီးဗလီမှ ကျောင်းထိုင်ဖြစ်သူ ဦးဇော်ထွန်းကို Myanmar Now က သွားရောက်တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ စဖြစ်တဲ့နေ့ကအခြေအနေ ပြောပြပေးပါ။
ဖြေ။ ။ နောက်ဆုံးအကြိမ် ဝတ်ပြုရပြီး အပိုဝတ်ပြုဆုတောင်းနေချိန် ကျွန်တော့်ဘေးက တစ်ယောက်က ထွက်ပြေးသွား တယ်။ စိတ်ထဲမှာတော့ ထင့်ခနဲဖြစ်သွားတယ်။ ဒီလိုမျိုးဝတ်ပြုနေတဲ့အချိန် ရုတ်တရက် ထပြေးတယ်ဆိုတာ မရှိဘူးလေ။ ကျွန်တော်က ဝတ်ပြုတာကို ဆုံးအောင် လုပ်လိုက်တယ်။ ပြီးမှ ထွက်ကြည့်တော့ အုန်းတောရပ်ကွက်ထဲမှာ လူတွေ လေးငါးဆယ်လောက်က အိမ်တွေကို ခဲပစ်နေကြပြီ တဲ့။ ဒီကရှိနေတဲ့သူတွေ ဝတ်ပြုနေတာ အားလုံး မပြီးသေးဘူး၊ ဒါပေမဲ့ ပြန်ခိုင်းလိုက်တယ်။ ဒီမှာဧည့်စာရင်းနဲ့နေတာ အပေါ်မှာ စာပြတဲ့ဆရာ၊ ကျောင်းထိုင်ကျွန်တော်နဲ့ ကပ္ပိယတို့ပဲ ရှိတော့တယ်။ ဝင်းတံခါးကို သော့ခတ်လိုက်တယ်။ သတင်းတွေကတော့ ကြားနေရတာ အများကြီးပဲ၊ ဟိုဘက်က လာတယ်၊ ဒီဘက်ကလာတယ်။ အထဲက မီးတွေ အကုန်ပိတ်ပြီး အပြင်ကို ချောင်းကြည့်လိုက်တော့ ရဲတင်းနဲ့ ဓားမနဲ့ သံတူရွင်းတွေနဲ့ ကိုသန်းထွေးဆိုင်ရှေ့မှာရှိတဲ့ ပုံးကို ထုရိုက်နေကြတယ်၊ နောက် လေးခွတွေနဲ့ ပစ်တယ်၊ ညစ်ညစ်ညမ်းညမ်း ဆဲဆိုကြတယ်။ နောက် နိုင်ငံတော်သီချင်းကို သူတို့လိုတဲ့နေရာကနေ ဖြတ်ပြီး ဆိုတယ်။ ပြီးတော့ အဲဒီနားက နှစ်ဆိုင် သုံးဆိုင်လောက်ကိုလည်း လေးခွနဲ့ ပစ်တယ်။ ပြီးတော့ ကျွန်တော်တို့ဗလီဝင်းတံခါးကို လာပြီး ထုတယ်၊ ရိုက်တယ်။ ဗလီရှေ့မှာ ရှိတဲ့ သုံးဘီးကို လှဲပြီး ထုထောင်းရိုက်နှက်နေကြတယ်။ အဲဒီအချိန်မှာ မီးခြစ်ပေးဆိုပြီး သုံးဘီးကို မီးရှို့မယ်လို့ ပြောတဲ့အချိန်ကျတော့ လုံခြုံရေးရောက်လာပြီး “ဟေ့ကောင်တွေ မင်းတို့ မီးတော့မရှို့နဲ့နော်” ဆိုပြီး အော်တယ်။ လုံခြုံရေးသုံးလေးယောက်လောက်က သုံးဘီးကို သူတို့ကိုယ်တိုင်ပဲ ပြန်ထောင်လိုက်တယ်။ ခဲတွေကတော့ လာတာ ပြောမနေနဲ့တော့ ဒီအရှေ့က အဖီပေါ် တအုန်းအုန်းနဲ့ ကျတယ်။ တံခါးအပေါ်မှာရှိတဲ့ မီးလုံးကို ပစ်ခွဲလိုက်တယ်။
မေး။ ။ အဲဒီလိုဖြစ်တဲ့အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အဲဒီနေ့မှာ ရင်ထဲမှာခံစားရတဲ့ ခံစားချက်က ထစ်ခနဲ ဆိုရင် မွတ်စလင်တွေပဲ ခံနေရမှာလား။ အပြစ်ရှိလည်း မွတ်စလင်ခံရမယ်။ အပြစ်မရှိလည်း မွတ်စလင်ခံရမယ်၊ မွတ်စလင်တွေရဲ့ အိုးအိမ်စည်းစိမ်၊ ဗလီ၊ သာသနိက အဆောက်အအုံ၊ ကလေးသူငယ် သက်ကြီးရွယ်အို ဆံဖြူသွားကျိုး၊ ဒုက္ခိတ၊ မျက်မမြင်၊ သူတို့တွေရဲ့ အသက်။ သူတို့တွေ မြန်မာနိုင်ငံမှာ နေတာ လုံခြုံမှုမရှိဘူးလားဆိုတဲ့ အတွေးတွေပဲ ဝင်နေတယ်။ နောက်တစ်ခု ဝမ်းနည်းတယ်။
မေး။ ။ ရခိုင်ဒေသဖြစ်ရပ်နဲ့ရော ဆက်စပ်နေမယ် ထင်လား။
ဖြေ။ ။ အားလုံးဖြစ်နိုင်ပါတယ်။ သူတို့တွေလာတာလည်း ကျွန်တော် သဘောပေါက်တာတော့ စိတ်ခံစားချက် တစ်ခုတော့ ပါလိမ့်မယ်။ အဲဒီစိတ်ခံစားချက် ဆိုတာ အမှားနဲ့ အမှန်တော့ ခွဲခြားသင့်တာပေါ့။ ဒါပေမယ့် စစ်မှန်တဲ့ ခံစားချက်ကြီးနဲ့ လာတာမဟုတ်ဘူး။
မေး။ ။ သူတို့ကို နောက်က ထိန်းချုပ်သူရှိမယ် ထင်လား။
ဖြေ။ ။ တစ်ရာ ရာခိုင်နူန်း အဲဒီလိုပဲ ထင်ပါတယ်။ သူတို့တွေရဲ့စိတ်ထဲမှာ လက်ရှိ ရခိုင်သတင်းကိစ္စ တက်လာလို့ မခံစားနိုင်လို့ လုပ်တာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ကျွန်တော် မယုံကြည်ဘူး။ အခုလို ရခိုင်ကိစ္စ ဖြစ်တဲ့အခါမှာ ဘယ်သူအကြမ်းဖက်လဲ၊ ဘယ်သူနှိမ်နင်းလဲဆိုတာကို ကျွန်တော်တို့ ဘာမှ မပြောလိုဘူး၊ ကျွန်တော်တို့နိုင်ငံက ထုတ်ပြန်တဲ့ သတင်း အတည်ပဲလို့ ကျွန်တော်တို့ခံယူတယ်။ ဒါပေမဲ့ အပြစ်မဲ့ အိုးအိမ်စွန့်ခွာ၊ တောထဲတောင်ထဲမှာ ရောက်နေတဲ့ ဒုက္ခသည်၊ ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတဲ့ ဒုက္ခသည် လူမျိုးဘာသာမရွေးအတွက် ကျွန်တော်တို့ နေ့စဉ် ဒီမှာ ဝတ်ပြုဆုတောင်းပွဲတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာတွေအတွက် သနားနေတယ်၊ သောက ဖြစ်နေတယ်။ ဒါပေမဲ့လည်း ဘယ်သူ့ရဲ့ အိမ်ကိုမှသွားပြီးတော့ မလုပ်ခဲ့ဘူး။ လုပ်ဖို့လည်းမရှိဘူး။ လုပ်ခြင်းက ပိုပြီး ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတာပေါ့။
မေး။ ။ ဗလီရှေ့လာပြီး ထုရိုက်နေတဲ့သူတွေထဲမှာ ကိုယ်တွေ့ဖူးတဲ့သူတွေပါလား။
ဖြေ။ ။ အဲဒီအချိန်မှာတော့ ကြည့်ဖို့ တော်တော်ပဲ ခဲယဉ်းတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာကို သဲကွဲဖို့ တော်တော်ခဲယဉ်းတယ်။ အပေါ်ကိုတက်ကြည့်မယ်ဆိုရင်တော့ တော်တော်အဆင်ပြေတယ်။ ထင်းထင်းကြီးပဲ ဘယ်သူတွေဆိုတာ သိရမှာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ရှိတယ်ဆိုတာကို မမြင်စေချင်ဘူး။
မေး။ ။ ဒီလိုအခြေအနေဖြစ်ခဲ့တော့ ဒီမြို့က အစ္စလာမ်အသိုင်းအဝိုင်းက ဘယ်လောက်အထိ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆလဲ။
ဖြေ။ ။ တော်တော်ကြီးကို အသက်အိုးအိမ်၊ စည်းစိမ်အတွက် အန္တရာယ်ရှိတယ်လို့ကို ထင်တယ်။ အဲဒီညက ရန်ကုန်ကနေပြန်လာနေတဲ့ ကျွန်တော်တို့မြို့သားတစ်ယောက် ရှိတယ်။ ၁ဝ၅ မိုင် ရောက်ခါနီးပြီး။ ဘာမှမဖြစ်လောက်ဘူးထင်လို့ အေးအေးဆေးဆေး လာခဲ့လိုက်ဖို့ ကျွန်တော် ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒီမှာ သတင်းတစ်ခု ဝင်လာတယ်။ ကိုလှတင် အိမ်ကို တံခါးဖွင့်ဖို့ ကြိုးစားနေတယ်၊ ပွင့်သွားပြီဆိုတော့ ကျွန်တော် အရမ်း စိုးရိမ်သွားတယ်။ အဲဒါနဲ့ ဖုန်းဆက်တဲ့ တစ်ယောက်ကို လုံးဝပြန်မလာတော့နဲ့ ၁ဝ၅ မိုင်မှာပဲ ဆင်း၊ ရန်ကုန်ကို ပြန်လိုက်တော့ဆိုပြီးတော့။
မေး။ ။ ဗလီကို လာပြီးတိုက်ခိုက်နေတဲ့အချိန်က ဘယ်လောက်ကြာလဲ။
ဖြေ။ ။ လာလုပ်နေတဲ့ အချိန်က ၈းဝ၅ နာရီကနေပြီးတော့ ၈း၂ဝ နာရီအထိ။ အဲဒီအချိန်တော့ ကျွန်တော် တိတိကျကျ မှတ်ထားတယ်။ အဲဒီနောက်ပိုင်းမှာ အနောက်ဘက်ကို ပြန်ဆင်းသွားတယ်။ တံခါးကို ထု၊ ရိုက်၊ နှက်တာတွေရှိတယ်။ အထဲကို ကျော်တက်ဖို့ ကြိုးစားတာတော့ မရှိဘူး။
မေး။ ။ ဖြစ်စဉ်အပြီးမှာ စိုးရိမ်နေတဲ့ အစ္စလာမ်အသိုင်းအဝိုင်းကိုရော ဘယ်လိုနေထိုင်ကြဖို့ မှာကြားထားလဲ။
ဖြေ။ ။ လောလောဆယ်တော့ ဗလီကို သူတို့ လုံခြုံရေးပေးထားတယ်။ ရပ်ကွက်တွေအပေါ်မှာတော့ လုံခြုံရေးအားဖြင့် အားနည်းတဲ့အပေါ်မှာ သတိနဲ့ပဲ နေကြပါလို့ ပြောတယ်။ မှန်ပါတယ်။ တို့အတွက် စစ်မှန်တဲ့လုံခြုံရေးဆိုတာတော့ ပြည့်ဝတဲ့လုံခြုံရေးဆိုတာတော့ မရှိဘူးပေါ့နော်။ ကိုယ့်ဘက်ကနေပြီးတော့ အထူးသဖြင့် မလုပ်ရမယ့် ကိစ္စကတော့ လက်တုံ့ပြန်တာတို့၊ ထွက်ဆဲတာတို့၊ ထိပ်တိုက်တွေ့ ရင်ဆိုင်တာတို့။ ဒါတွေကိုတော့ လက်ရှိနိုင်ငံတော်က လုံခြုံရေး ပေးနေတာဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့က နိုင်ငံတော်ကို ကြည့်ညိုရမယ်၊ နိုင်ငံတော်အမိန့်ကို နာခံရမယ်လေ။ နိုင်ငံတော်ဘက်ကနေ ဒါတွေကို မလုပ်ပါနဲ့လို့ စာပြန်ထားတယ်။ (အစ္စလာမ်) အဖွဲ့ကြီးငါးဖွဲ့ကနေလည်း တရားဝင် စာထုတ်ပြန်ထားတဲ့အတွက် ဒါတွေကိုတော့ အထူးသဖြင့် ရှောင်ဖို့အတွက်လည်း သြဝါဒပေးပါတယ်။
မေး။ ။ အရင် ပဋိပက္ခတွေတုန်းကလည်း နောက်ကွယ်က ထိန်းချုပ်မှုတွေ ရှိမယ်လို့ ယူဆကြတယ်။ လက်ရှိအစိုးရကလည်း ဒါကို မဖော်ထုတ်နိုင်သေးတဲ့အတွက် ဘယ်လိုခံစားမိလဲ။
ဖြေ။ ။ လက်မည်းကြီးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျွန်တော်တို့တွေ ဖြေသိမ့်ခဲ့ရတယ်။ လက်ရှိအခြေအနေမှာလည်း လက်မည်းကြီးဆိုတဲ့ နာမည်နဲ့ပဲ ဖြေသိမ့်နေရတဲ့အတွက်တော့ စိတ်မကောင်းဘူး။ ။