မေးမြန်းခန်း

လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

မြစ်ကြီးနား – ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ကချင်ပြည်နယ်တိုက်ပွဲများကြောင့် စစ်ရှောင်စခန်းရောက်ရှိနေသော လီဆူတိုင်းရင်းသားများအရေးကို ပြောပြထားသည်။

မေး။ ။ လီဆူတိုင်းရင်းသား ဒုက္ခသည် အရေအတွက် ဘယ်လောက်ရှိနေပြီလဲ။

ဖြေ။ ။ လီဆူတိုင်းရင်းသားတွေက ၂ဝ၁၁-၂ဝ၁၂ စစ်စဖြစ်တဲ့အချိန်မှာ အိမ်ခြေ ထောင်ချီပြီး တိမ်းရှောင်လာတယ်။ မြစ်ရိုးတစ်လျှောက် ဆင်ဘို၊ တာ့လောကြီး ဘက်ကနေ အများကြီးတိမ်းရှောင်လာတယ်။ စပြေးလာတဲ့ အဖွဲ့တွေကိုတော့ အဲဒီအချိန် တုန်းကတော့ ကျွန်တော်တို့က ဘာသာရေးကိုလည်းခေါ်၊ စာပေ ရိုးရာ ယဉ်ကျေးမှုကိုလည်း ခေါ်ပြီးတော့မှ အတတ်နိုင်ဆုံးတော့ တိုင်းပြည်ရဲ့ အခြေအနေ မငြိမ်မသက်ဖြစ်တဲ့အခါမှာ တိုင်းပြည်အတွက်လည်း ဝန်ထုပ်၊ ဝန်ပိုးလည်းဖြစ်တယ် ဆိုပြီးတော့ ခင်မင်ရာ နီးစပ်ရာမှာပဲ ပယင်းတွေရှာကြ၊ ရွှေတွေလုပ် ပြီးမှ ခြံမြေတစ်ခုခု ဝယ်ပြီးမှ ကိုယ်ပိုင်ရပ်တည်နိုင်အောင် လုပ်ပါဆိုပြီးတော့ စာရင်းမသွင်းခဲ့ဘူး။ နောက်ဆုံး မဖြစ်မနေ များလည်းများလာတဲ့ အခါကျတော့မှ မိသားစုလည်း ခင်မင်ရာ နီးစပ်ရာ ဆွှေမျိုးတွေလည်း မနိုင်တော့တဲ့ အဖွဲ့တွေ အဲဒီအဖွဲ့တွေက ဆွန်ပရာဘွန်ဘက်ကလာတဲ့ အဖွဲ့တွေ၊ ဆဒုံးအထက်ပိုင်းက နယ်စပ်တစ်လျှောက်ကနေ ပြေးလာတဲ့အဖွဲ့၊ ခု ဗန်းမော်မှာ လူဦးရေ တစ်ထောင်ကျော်ရှိတယ်။ ဆွန်ပရာဘွန်ဘက်က အဖွဲ့တော့ ငွေပျိုစခန်းမှာ တချို့ထည့်ထားတယ်။ အများဆုံး ၅ဝရာခိုင်နှုန်းလောက်ပဲ IDP စခန်းမှာ ဝင်တယ်။ ကျန်တဲ့ဟာတွေကျတော့ ကိုယ်ထူကိုယ်ထ ကိုယ့်ဘာသာကိုယ် ရုန်းကန်ပြီးမှ ဝါးတဲတွေလုပ်ပြီးတော့မှ နေ့စားလုပ်ပြီး တဲတွေထိုးတယ်။ အလှူရှင်တွေ အခါအားလျော်စွာ လာပံ့ပိုးကြတဲ့အပေါ်မှာ အားယူပြီးတာ့မှ ကိုယ်ထူကိုယ်ထ လုပ်နေတဲ့ဟာတွေက ပိုများပါတယ်။

မေး။ ။ သေဘေးရှောင်စခန်းက ဘယ်လို ပေါ်ပေါက်လာသလဲ။

ဖြေ။ ။ ဒါက မကြာသေးဘူး။ တစ်နှစ်လောက်ပဲ ကြာသေးတယ်။ ကျွန်တော်တို့ အစိုးရဖြစ်တဲ့ အချိန်မှာ အလှူရှင်တွေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ပံ့ပိုးတဲ့ငွေနဲ့ ဘုရားကျောင်းမှာ လက်ခံထားတာ။ အခု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လို့ရေးရတာက တိုင်းမှူးက အဲဒီတဲတွေ ထိုးတဲ့စရိတ်ကို တိုင်းမှူးအနေနဲ့ လှူဒါန်းးပေးတဲ့ အခါကျတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုပြီး တပ်ထားတာ။ မြေနေရာကတော့ ကျေးရွာကမြေဖြစ်ပြီးတော့ ဒုက္ခသည်တွေကို ခဏနေခိုင်းတာ ဖြစ်ပါတယ်။

မေး။ ။ ပြည်နယ်အစိုးရအဖွဲ့၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ရတဲ့ အခါမှာ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။

ဖြေ။ ။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက အခုအစိုးရသစ်လက်ထက်မှပဲ ပြည်ထောင်စုဝန်ကြီးဆိုပြီးတော့ ခန့်အပ်ခဲ့တဲ့ အခါကျတော့ ထင်သလို လုပ်လို့မရဘူး။ ကြုံတွေ့ရတဲ့ အခက်အခဲကတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ တာဝန်ယူရမယ့် ဌာနတွေက လူမှုရေးဝန်ကြီးဌာနမှာ ရောက်လိုက်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ရောက်လိုက်၊ ကျေးလက်ဝန်ကြီးဌာနမှာ ရောက်လိုက်နဲ့ အဲဒီလိုမျိုး ဖြစ်နေတယ်။ တိုင်းရင်းသားတွေ အားလုံးက အမှုတွေရော၊ အခွင့်အရေးတွေကိုရော တိုင်းရင်းသား ဝန်ကြီးတွေ ဆီမှာပဲ (တင်ပြကြတယ်၊) လာတောင်းကြတယ်။ ဒါပေမယ့်ကျွန်တော်တို့က ဥပဒေအရ ကိုယ့်ဆိုင်ရာ ဌာနရဲ့ အောက်မှာ မရှိတဲ့အခါကျတော့ လိုသလိုပြောလို့မရဘူး။ တိုင်းရင်းသား တွေကို ထိထိရောက်ရောက် ကူညီပံ့ပေးခွင့်မရှိတာ၊ ပြောရေးဆိုခွင့် မရတဲ့အတွက်ကြောင့် အခက်အခဲကတော့ အများကြီး ကြုံတွေရပါတယ်။

မေး။ ။ ဥပဒေပါ လုပ်ပိုင်ခွင့်တွေကို မရသေးတဲ့ သဘောလား။

ဖြေ။ ။ အဲဒါကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးဌာန နဲ့ညှိနှိုင်းရမယ့်သဘော ဖြစ်နေတယ်။ ဒါပေမယ့် လူမှုဝန်ထမ်းဌာနကလဲ သူ့မှာက တရားဝင် UNနဲ့လူမှုဝန်ထမ်းဌာနက အသိအမှတ်ပြုထားတဲ့ IDP စခန်းတွေက များတဲ့အခါကျတော့ ဒီဘက်ကို လက်လှမ်းမမီသလို အဲဒီလိုမျိုးမြင်ရတယ်။ ဆဒုံး ဒုက္ခသည် စခန်းက လီဆူ ဒုက္ခသည်တွေဆို စခန်းဘေးနားမှာပဲ သူတို့ သဘာဝ ရှာစား၊ ဖွေရှားရမယ့် နေရာ တစ်ခုမှာပဲ နေရာချထားပေးပါ။ အလွန်ဆုံး ၆လပေါ့။ သူတို့ တောင်ယာ၊ လယ်ယာ ခုတ်ပြီးတဲ့ အဆင့်ထိပဲ ကျွန်တော်တို့ ထောက်ပံ့ပေးဖို့ လိုတာပါ။ ကိုယ့်ဘာသာကိုယ် ရုန်းကန်နိုင်မှာပေါ့။ အဲဒီလိုမျိုး ကျွန်တော်တို့ဆီမှာ စာတင်တာ။

ကျွန်တော့် အနေနဲ့ကတော့ ရည်ရှည်မှာဖြစ်ဖြစ် အခုလုပ်ချင်တာကတော့ ကိုယ့်ဘာသာကိုယ် ရုန်းကန်ချင်တဲ့ စိတ်ရှိတဲ့ စစ်ရှောင်တွေကို အမြန်ဆုံး တတ်နိုင်တဲ့ဘက်ကနေ အစိုးရနဲ့ ပူးပေါင်းပြီးမှ သူတို့လိုချင်တဲ့နေရာမှာလည်း ဖြစ်မယ်၊ သူတို့ရဲ့ သဘာဝနေထိုင်ချင်တဲ့ နေရာမှာလည်းဖြစ်မယ်၊ အဲဒီလိုမျိုး နေရာချထားလိုက်ရင် အစိုးရ ဝန်ထုပ်၊ ဝန်ပိုး အများကြီး ပပျောက်သွား၊ သူတို့လည်း ကိုယ်တိုင်ရုန်းကန်နိုင်ပြီး ဒုက္ခသည်ဘဝက လွတ်မြောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနတွေထဲမှာ ဒီလို သုံးစွဲမယ့် ဘတ်ဂျက်တွေက အဲဒီထဲမှာ ထည့်ထားတဲအခါကျတော့ ကျွန်တော်တို့က ဒီဘက်ကို ဆွဲယူလို့မရဘူး။ အဲဒါတွေက နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်းတံတားတွေ၊ ပြီးတော့မှ တိုင်းရင်းသားများ ပြန်လည်နေရာချထားရေးတွေက လူမှုဝန်ကြီးဌာနအောက်မှာ ရှိတဲ့အခါကျတော့ လူမှုဝန်ကြီးက စီမံခန့်ခွဲမှသာလျှင် အောင်မြင်မှာ ဖြစ်ပါတယ်။

မေး။ ။ လီဆူတိုင်းရင်းသား ဒုက္ခသည်တွေအတွက် နေရာပြန်လည်ချထားရေးအတွက် ဘာတွေ ဆက်ပြီး စီစဉ်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ၂ဝ၁၅ ပြည်ထောင်စု ဥပဒေအမှတ် (၈)မှာတော့ တိုင်းရင်းသားရေးရာဝန်ကြီးသည် တိုင်းရင်းသားများ၏ နေရာပြန်လည်ချထားရမယ့် ကိစ္စတွေပါတယ်။ အဲဒီဥပဒေတွေအရ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင် ကျွန်တော်တို့ နေရာပြန်လည်ချထားရေး ပြီးတာ ကြာနေပြီ။ နေရာ ပြန်လည်ချထားရေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးဌာန လက်အောက်ကို ရောက်နေတယ်။ ဒါကတော့ ကျွန်တော်က သူတို့မလုပ်ဘူး၊ လုပ်တယ် ပြောတာ မဟုတ်ပါဘူး။

မေး။ ။ လီဆူတိုင်းရင်းသားတွေအတွက် ဘယ်လိုအချက်တွေက အရေးတကြီး လိုအပ်နေပါသလဲ။

ဖြေ။ ။ အစိုးရနဲ့ နိုင်ငံတော်ကို ပြောချင်တာက ကျွန်တော်တို့ လီဆူတိုင်းရင်းသားတွေသည် အခုချိန်ထိ နိုင်ငံတော်ကို တော်လှန်ပုန်ကန်တာတွေ မရှိသေးဘူး။ ရိုးသားစွာနဲ့ ရှက်တက်၊ ကြောက်တက်၊ သိမ်ငယ်တဲ့ စိတ်ရှိနေတဲ့ လီဆူတိုင်းရင်းသားတွေကို နိုင်ငံတော်ကနေ ပံ့ပိုးပြီးတော့မှ ပညာတွေ၊ အမြော်အမြင်တွေ၊ ဥပဒေကို လေးစားလိုက်နာတတ်တဲ့ အမြင်တွေဖွင့်ပေးပြီးမှ အဲဒီလိုမျိုး လုပ်သွားမယ်ဆိုရင်တော့ ဒီလူတွေအားလုံးက အတွေးအခေါ်တွေ မြင့်မားလာမယ်ဆိုရင် တိုင်းပြည်တည်ထောင်ရာမှာ အများကြီး အထောက်အပံ့ဖြစ်မယ်လို့ ကျွန်တော် အဲဒီလို ခံယူပါတယ်။ ။

Show More

Related Articles

Back to top button