သတင်း

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ရဟတ်ယာဉ် ၃ စီးနှင့် တိုက်ခိုက်

စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်စီးနင်းစဉ် နေအိမ်များ မီးရှို့ခံရလေ့ရှိသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို ယနေ့ (ဒီဇင်ဘာ ၁၇)  မွန်းလွဲ ၂ နာရီဝန်းကျင်၌ စစ်ရဟတ်ယာဉ် ၃ စီး ရောက်လာပြီး ပစ်ခတ်သဖြင့် ဒေသခံတို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်။

စစ်ရဟတ်ယာဉ်များက ကလေး- ဂန့်ဂေါကားလမ်းဘေးရှိ ထိုရွာကို မိနစ် ၄ဝ ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့(YDF) ဘက်က ပြောသော်လည်း မည်သည့်လက်နက်အမျိုးအစားဖြင့် ပစ်ခတ်သည်၊ ထိခိုက်၊ ပျက်စီး၊ သေဆုံးမှု မည်မျှရှိသည်ကို မသိရသေးပါ။

“ရဟတ်ယာဉ်နဲ့ပစ်တာ။ ၃ စီးနဲ့လာပစ်တာ။ နေ့လယ်ပိုင်းလောက် လာပစ်တယ်။ ၂ နာရီလောက်ကဗျ။ စာသင်ကျောင်းကို ပစ်တယ်ပြောတယ်”ဟု YDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ညနေပိုင်းတွင် ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက်တွင် ရဲလှလမ်းခွဲ၊ ရွှေဘိုရွာနှင့် နှမ်းခါးရွာအနီးတွင် စစ်သားများကို ချပြီး ရဟတ်ယာဉ် ပြန်ထွက်သွားသည်ဟု ၎င်းက ဆိုသည်။ အသေးစိတ်ကိုမူ မသိရသေးပေ။

စစ်တပ်ထောက်ခံသည့် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့ ပျူစောထီးများရှိသည့်နေရာကို ရဟတ်ယာဉ်များက စစ်သားများ ပို့ဆောင်ခဲ့သည်ဟု သိရကြောင်း စစ်ကောင်စီတပ်ရန်ပြုမည်ကို စိုးရိမ်သဖြင့် အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ပြောသည်။

“ပျူစောထီးအားကောင်းတဲ့ရွာတွေမှာ လူတွေချနေတယ်လို့ သတင်းရောက်လာတယ်။ ရွှေဘိုရွာရဲ့ အနောက်ဘက် ခြောက်မိုင်အကွာမှာလည်း တောင်သူတွေ စပါးတွေရိတ်ပြီး ကောက်လှိုင်းတွေ သိမ်းထားတာတွေကိုလည်း မီးတွေတိုက်နေတယ်” ဟု နှမ်းခါးရွာမှ အဆိုပါ အမျိုးသားက ပြောသည်။

လေကြောင်းမှ တိုက်ခိုက်ခံရ၍ ရွှေဘို၊ တောင်ခရမ်း၊ မြောက်ခရမ်း၊ ရေရှင်၊ ရဲလှ စသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ကစဉ့်ကလျား တိမ်းရှောင်နေရချိန်ဖြစ်၍ ပစ်ခတ်မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု၊ စစ်ရှောင်အရေအတွက်တို့ကို အတိအကျမသိရသေးပေ။

စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းကမူ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က PDF တို့ကြောင့် စစ်ကိုင်းတိုင်း ကျေးလက်ဒေသခံများ ထွက်ပြေးရခြင်းဖြစ်သည်ဟု ပြောထားသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့် ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာအနီးရောက်တာနဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးကြတဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

“ဒီလိုဖြစ်အောင်လည်း တမင်ဖန်တီးနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော်မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်” 

အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိသည့် နှမ်းခါးရွာကို ဇွန်၊ သြဂုတ်နှင့် စက်တင်ဘာလတို့တွင် စစ်တပ်က  ဝင်ရောက်စီးနင်းခဲ့ဖူးပြီး စက်တင်ဘာလအတွင်း စုစုပေါင်း နေအိမ် ၆ဝ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

အာဏာသိမ်းပြီး ၁ဝ လကျော်အတွင်း ဆန္ဒပြသည်ကိုပင် ပစ်ခတ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ တိုးလာနေသည်။

ရရာလက်နက်ဖြင့် ခုခံတော်လှန်မှု အားကောင်းရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်တပ်က ရဟတ်ယာဉ်ပါသုံး၍ တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် စစ်ကူအင်အားဖြည့်တင်းခြင်းတို့ကို တောက်လျှောက်ပြုလုပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button