သတင်း

ကမ္ဘာ့ဈေးကွက်၌ မြန်မာ့ပတ္တမြား အရောင်းအဝယ်ရပ်ရန် Global Witness တိုက်တွန်း

စစ်တပ်၏ ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့်ပြင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက်ဖြစ်စေသော မြန်မာ့ကျောက်မျက်နှင့် ပတ္တမြားကို နိုင်ငံတကာကုမ္ပဏီများက အရောင်းအဝယ်ရပ်တန့်ရန် Global Witness အဖွဲ့က တောင်းဆိုလိုက်သည်။

ကျောက်မျက်လုပ်ငန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားပြီး အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နက်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ သယံဇာတတူးဖော်မှုလုပ်ငန်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က ဒီဇင်ဘာ ၁၅ တွင် ထုတ်ပြန်သည်။ 

“ကျင့်ဝတ်နှင့်အညီ ဝယ်ယူတင်သွင်းသည့် မြန်မာ့ပတ္တမြားဟူ၍ မရှိကြောင်း” ဟု လန်ဒန်အခြေစိုက် Global Witness အဖွဲ့၏ အကြီးတန်းစည်းရုံးလှုံ့ဆော်ရေးမှူး Clare Hammond က ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

“ကျောက်မျက်ရတနာကို လူသားတွေအချင်းချင်း ပတ်သက်ဆက်နွှယ်မှုနဲ့ ချစ်ခြင်းမေတ္တာသင်္ကေတအဖြစ် ရောင်းချခြင်းဖြစ်ပေမဲ့ ထုတ်လုပ်ရေးလမ်းကြောင်းမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ကြောက်မက်ဖွယ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတိပြီးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးစေသည့် မြန်မာ့ပတ္တမြားကို Graff, Bulgari, Van Cleef & Arpels, Sotheby’s ကဲ့သို့သော ကမ္ဘာကျော် ကျောက်မျက်ရတနာကုမ္ပဏီကြီးများက ရောင်းချနိုင်ခြေမြင့်မားသည်ဟု Global Witness ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

စစ်အုပ်စုသည် ကျောက်မျက်လုပ်ငန်းကို ထိန်းချုပ်ထားသည့်ပြင် တူးဖော်ခွင့်လိုင်စင်များနှင့် စစ်တပ်ပိုင် ကျောက်တွင်းများမှ အကျိုးအမြတ်များရနေပြီး စစ်အာဏာသိမ်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ရန်ပုံငွေရရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အခြားတစ်ဖက်တွင် နိုင်ငံတကာကျောက်မျက်ကုမ္ပဏီကြီးများက မြန်မာ့ကျောက်မျက်ကို ရောင်းချနေသဖြင့် စစ်ကောင်စီ အကျိုးအမြတ်ဖြစ်ထွန်းရေး သွယ်ဝိုက်၍ ပံ့ပိုးပေးနေကြောင်း ထိုထုတ်ပြန်ချက်၌ သတိပေးထားသည်။

Global Witness အဖွဲ့က နိုင်ငံတကာကျောက်မျက်ရတနာလုပ်ငန်း၊ လေလံကုမ္ပဏီနှင့် လက်လီလုပ်ငန်းပေါင်း ၃၀ ကျော်ကို ဆက်သွယ်ရာတွင် ကုမ္ပဏီ ၄ ခုကသာ မြန်မာ့ကျောက်မျက်ဝယ်ယူမှုကို ရပ်တန့်ထားသည်ဟု ဆိုသည်။

အမေရိကန်ကျောက်မျက်ရတနာလုပ်ငန်း Harry Winston သည် ကျင့်ဝတ်ပိုင်းဆိုင်ရာစိုးရိမ်မှုများကြောင့် မြန်မာ့ကျောက်မျက်ဝယ်ယူတင်သွင်းမှုကို ရပ်တန့်ခဲ့ပြီး အိန္ဒိယကုမ္ပဏီ Vaibhav Global Limited က မြန်မာမှ တင်သွင်းရောင်းချသည့် ကျောက်မျက်ရတနာများကို အရောင်းစာရင်းမှ ဖယ်ရှားထားသည်။ 

မြန်မာ့ပတ္တမြားကို ထိုင်းသို့ မှောင်ခိုတင်ပို့ကာ ပြန်လည်ရောင်းချသဖြင့် ကျောက်ထုတ်လုပ်သည့်ဇာစ်မြစ်ကို ကုန်သည်အများအပြားက မသိကြောင်း၊ အချို့ကျောက်များသည် စစ်တပ်ပိုင်ကျောက်တွင်းများမှဖြစ်ကြောင်း Global Witness က ထောက်ပြထားသည်။

ထို့ကြောင့် ကျောက်ထုတ်လုပ်သည့် ဇာစ်မြစ်ကို သိရှိပြီး စီးပွားရေးအရ တာဝန်ယူမှုရှိစွာ ဝယ်ယူနိုင်သည်အထိ မြန်မာ့ကျောက်မျက်ရောင်းဝယ်ဖောက်ကားမှုကို ရပ်တန့်ထားရမည်ဟု Global Witness အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Clare Hammond က ဆိုသည်။

တရားဝင်ကိန်းဂဏန်းများအရ မြန်မာ့ကျောက်မျက်ထုတ်လုပ်မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ ရရှိနေပြီး လက်တွေ့တွင် ထိုပမာဏထက် ၅ ဆကျော်တန်ဖိုးရှိနိုင်ကြောင်း Global Witness က ခန့်မှန်းသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကျောက်မျက်တူးဖော်သည့်လိုင်စင်များ သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး နောက်ဆုံးသက်တမ်းကျန်သည့် လိုင်စင်များမှာ အာဏာမသိမ်းမီ ၂၀၂၀ တွင် သက်တမ်းကုန်ရန်ရှိသည်။ 

သို့သော် စစ်ကောင်စီလက်ထက်တွင် တူးဖော်ခွင့်လိုင်စင် တရားဝင်ထုတ်ပေးခြင်းမရှိသော်လည်း တွင်းလွတ်များရှိသည့်နေရာတွင် သောင်းနှင့်ချီသည့် တူးဖော်သူများရောက်နေကြောင်း၊ စစ်တပ်နှင့် လက်နက်ကိုင်များက ခေါင်းပုံဖြတ်နေကြောင်း Global Witness က ဆိုသည်။

ပတ္တမြားကို လွန်ခဲ့သည့်နှစ်ပေါင်း ၈၀၀ ကတည်းက တူးဖော်ခဲ့ပြီး ကျောက်တွင်းများမှာ မန္တလေးတိုင်း မိုးကုတ်တွင် ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ ရှမ်းပြည်နယ် မိုင်းရှူးတွင် အရည်အသွေးနိမ့်ပြီး အရွယ်အစားသေးငယ်သည့် ပတ္တမြား တွေ့ရကြောင်း Global Witness ၏ ပဋိပက္ခပတ္တမြားများအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခပတ္တမြားများအစီရင်ခံစာကို အထက်ပါထုတ်ပြန်ချက်နှင့်အတူ Global Witness က အများသိမျှဝေထားသည်။

မြန်မာစစ်တပ်သည် ၁၉၉၀ မှစ၍ ပတ္တမြားတွင်းများကို ထိန်းချုပ်ရန် ဒေသခံများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ကြောင်း စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) တို့ကို တူးဖော်ခွင့်ပေးခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်နှင့် ဗြိတိန်တို့က စီးပွားရေးပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်မျက်များမှာ တစ်နည်းနည်းဖြင့် ဆက်လက်ရောင်းချခွင့်ရနေဆဲ ဖြစ်သည်။ 

အမေရိကန်ကွန်ဂရက်လွှတ်တော်၌ အောက်တိုဘာတွင် တင်သွင်းခဲ့သည့် Burma Act 2021 အမည်ရှိ ဥပဒေ ပုဒ်မ ၂၀၃ တွင် မြန်မာ့ကျောက်မျက်များအားလုံကို အမေရိကန်သို့ တင်ပို့မှု ကန့်သတ်နိုင်မည်ဖြစ်၍ အမြန်ဆုံးပြဋ္ဌာန်းရန် တက်ကြွလှုပ်ရှားသူများက အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကို တောင်းဆိုသည်။

လူထုဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်၏ အဓိကငွေတွင်းဖြစ်သည့် ကျောက်မျက်ကဏ္ဍကို ပိတ်ဆို့နိုင်ရန် နိုင်ငံတကာက ကြိုးပမ်းနေပြီး အမေရိကန်နှင့် ဗြိတိန်တို့က စီးပွားရေးပိတ်ဆို့မှုများ လုပ်ထားသည်။

ထိုအခြေအနေတွင် အဓိကဝယ်လက် တရုတ်သာရှိသည့် မြန်မာ့ကျောက်စိမ်းကို နေပြည်တော်၌ ပြပွဲတစ်ရပ်ပြုလုပ်၍ ထုတ်ရောင်းနိုင်ရန် စစ်ကောင်စီက တိတ်တဆိတ်စီစဉ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button