မေးမြန်းခန်း

“ဆုတောင်းပေးတဲ့ ဘုန်းတော်ကြီးရဲ့အားနည်းချက်ကြောင့် ယခုလိုဖြစ်သွားတဲ့အပေါ် များစွာ စိတ်မကောင်း ဖြစ်မိပါတယ်”

ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာအကြား ဘာသာရေးအမြတ်ထုတ်သည်ဟု အမုန်းပွားစေနိုင်သည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၇၅ လမ်းထောင့်ရှိ မက်သဒစ်ဘုရားရှိခိုးကျောင်းမှ ဆရာတော် Dr ဦးဇော်ဝင်းအောင်အား Myanmar Now က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ၎င်းသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ နာယကလည်းဖြစ်သည်။

Myanmar Now ။ ။ ဒီဗီဒီယိုဖိုင်က အမှန်လား။ လုပ်ကြံပြီးတင်ထားတာတစ်ခုလား။ အဲဒီဘုန်းတော်ကြီးကလည်း ခရစ်ယာန်ဘာသာဝင်အမှန် ဟုတ်ပါသလား ဆရာတော်။

ဖြေ။ ။ ဒီဖြစ်ရပ်က အမှန်ဆိုတာ ပထမဆုံးဝန်ခံပါတယ်။

Myanmar Now ။ ။ အဲဒီအလှူပွဲလုပ်ခဲ့တဲ့ ဘုန်းတော်ကြီးအမည်ကို သိချင်ပါတယ်။

ဖြေ ။ ။ သူ့ရဲ့လုံခြုံရေးအရ မပြောလိုပါဘူး။

Myanmar Now – ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီအလှူကို လုပ်ခဲ့တာလဲ။

ဖြေ – ကျွန်တော်တို့ ခရစ်ယာန်ဘာသာဝင်များအနေနဲ့ ခရစ္စမတ်အချိန်ကာလ ရောက်တဲ့အချိန်တိုင်းမှာ သူတစ်ပါးကို ကူညီခြင်း၊ မစခြင်း၊ ပေးကမ်းခြင်း စတဲ့အမှုများကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြပါတယ်။ ယခုနှစ်မှာလည်း ဒီလိုဆောင်ရွက်ဖို့ဆိုတာကို ပြီးခဲ့တဲ့နှစ်မှာကတည်းက ကြိုတင်ပြီးတော့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုနေရာတွေကို လှူဒါန်းမယ်ဆိုတာ စဉ်းစားလိုက်တော့ စစ်ကိုင်းမှာရှိတဲ့ ဆရာမဒေါ်ယဉ်ယဉ်ထွန်းရဲ့ အကူအညီနဲ့ အဲဒီဗီဒီယိုဖိုင်ထဲက ကျောင်းကလေးကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီအစီအစဉ်ဟာ မေတ္တာပြခြင်းသာ ဖြစ်ပါတယ်။ ဘာသာရေးဆွယ်တရားဟောခြင်း လုံးဝမဟုတ်ပါဘူး။

Myanmar Now – လှူဒါန်းပွဲမှာ ဘာအစီအစဉ်တွေပါသလဲ။

ဖြေ – အထူးသဖြင့် ကလေးငယ်တွေကို သီချင်းလေးတွေဆိုပြမယ် ပုံလေးတွေပြောပြမယ် ခရစ်တော် ဖွားမြင်တော်မူခြင်း ဆိုင်ရာ အကြောင်းတရားများကို ရုပ်ပုံကားချပ်များ ဖော်ပြပါမယ် ဆိုပြီးပါရှိပါတယ်။

Myanmar Now။ ။ ဒီအလှူပွဲအတွက် သက်ဆိုင်ရာကျောင်းကဆရာတော်တွေကို အသိပေးခဲ့ခြင်း ရှိလား။

ဖြေ – ကျွန်တော်တို့ သက်ဆိုင်ရာ ကျောင်းအုပ် (ကျောင်းထိုင်)ဆရာတော်ကို ကြိုတင် အသိပေးခဲ့ပါတယ်။

Myanmar Now ။ ။ ပြဿနာက ဘယ်လိုကြောင့် ဖြစ်သွားတာပါလဲ။

ဖြေ။ ။ လှူဒါန်းပြီး အစီအစဉ်ပြီးတဲ့အခါမှာ ခရစ်ယာန်ဘာသာဝင်တို့ဟာ ဆုတောင်းခြင်းနဲ့အဆုံးသတ်ကြပါတယ် အဆုံးသတ်ဆုတောင်းပေါ့။ အဲဒီဆုတောင်းမှာ ပြုလုပ်တဲ့ (ခရစ်ယာန်) ဘုန်းတော်ကြီးရဲ့ စကားလုံးအသုံးအနှုန်း အားနည်းချက်အပေါ်မှာ အခြားသော ဘာသာဝင်တို့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားတယ်လို့ သိရပါတယ်။

Myanmar Now – အဲဒီလိုဖြစ်သွားတဲ့အပေါ် နောက်ဆက်တွဲဘာတွေ ဆောင်ရွက်ထားခြင်းရှိပါသလဲ။

ဖြေ – နောက်နောင် ယခုလိုပြဿနာဖြစ်စေတဲ့အပြောအဆို အပြုအမူလုပ်ရပ်မျိုး နောင် မဖြစ်စေဖို့ ပွဲပြုလုပ်တဲ့ ဆရာတော်ကို ခေါ်ယူပြီး အပြင်းအထန် သတိပေးခဲ့ပါတယ်။

Myanmar Now။ ။ ဒီဗီဒီယိုဖိုင် လွှင့်တင်လိုက်တဲ့ သူက ဘယ်သူလို့သိထားပါသလဲ။

ဖြေ – ကျွန်တော်တို့က သူ့ကိုဘယ်သူဆိုတာလည်း မသိပါဘူး။ ရှာဖွေခြင်းလည်းမရှိပါဘူး။ သို့သော်လည်းပဲ ရေးထားတဲ့ ဖြေရှင်းပေးထားတဲ့ သူတွေရဲ့ပိုစ့်ကို ဖတ်ရခြင်းအားဖြင့် သူဟာဘယ်အဖွဲ့ကဆိုတာကို နားလည်သိရှိပါတယ်။

Myanmar Now – ဘာရည်ရွယ်ချက်နဲ့ ဒီလိုလွှင့်တင်ခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့ သူ့မှာဘာရည်ရွယ်ရှိတယ်ဆိုတာ မသိနိုင်ပေမယ့် ဖြစ်စဉ်အစအဆုံးမတင်ဘဲ ဗီဒီယိုဖိုင်လေးကို နောက်ဆုံးအဆုံးသတ်ကိုပဲ ဖြတ်တင်ထားတာ တွေ့ရပါတယ်။ ဘာရည်ရွယ်ချက်ဆိုတာ မသိပါဘူး။ ကျွန်တော်တို့သိနိုင်တဲ့အနေအထားတစ်ခုက ဘာသာနှစ်ခုအကြားမှာ ဘာသာရေး ပဋိပက္ခတွေဖြစ်သွားစေနိုင်တဲ့အတွက်ကြောင့် ခုချိန်မှာ ကျွန်တော်တို့ ဖြေရှင်းရခြင်း တောင်းပန်ရခြင်းဖြစ်ပါတယ်။

Myanmar Now – ရိုက်တင်လိုက်တဲ့သူအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။

ဖြေ – ကျွန်တော်တို့သိတာတော့ ကိုယ်တော်တစ်ပါးက လာရောက်ရိုက်တင်တယ်လို့ပဲ သိတာပေါ့။ ခရစ်ယာန် ဘာသာဝင်များအနေနဲ့ကတော့ ဒီအချိန်ကာလဟာ ခွင့်လွှတ်ခြင်းကို အဓိက ထားတယ်။ မေတ္တာတရားကို အဓိကထားတယ်။ ကျွန်တော်တို့ ဘာအကျိုးသက်ရောက်မှု ကြီးကြီးမားမားလာပါစေ မေတ္တာတရားနဲ့ပဲ လုပ်ဖို့စဉ်းစားထားပါတယ်။

Myanmar Now။ ။ ဒီလိုလွှင့်တင်လိုက်တဲ့အပေါ် ဘာတွေ သက်ရောက်မှု ရှိသွားလဲ။

ဖြေ။ ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဘာသာနှစ်ခုအကြားမှာ ယုံကြည်မှု လွဲမှားသွားပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တာမို့ မလုပ်သင့် မဆောင်ရွက်သင့်ဘူးလို့ မြင်ပါတယ်။

Myanmar Now – နောက်ဆက်တွဲ ဘာပြောချင်တာရှိပါသလဲ။

ဖြေ – ဒီအစီအစဉ်ဟာ မေတ္တာပြခြင်းသာဖြစ်ပါတယ်။ ဘာသာရေးဆွယ်တရားဟောတာ လုံးဝမဟုတ်ပါဘူး။ အလှူပွဲရဲ့အဆုံးသတ်ဆုတောင်းမှာ ဆုတောင်းပေးတဲ့ ဘုန်းတော်ကြီးရဲ့ အားနည်းချက်ကြောင့် ယခုလိုဖြစ်သွားတဲ့အပေါ် များစွာစိတ်မကောင်းဖြစ်ပြီး အထင်အမြင် မမှားကြစေလိုကြောင်း တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။

Show More

Related Articles

Back to top button