သတင်း

ကလေးမြို့မှ အဖမ်းခံရသူ ၂ ဦး၏ မီးကျွမ်းနေသည့် ရုပ်အလောင်း တွေ့ရ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် မွှေနှောက်နေသည့် စစ်တပ်က အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများကို မီးလောင်ကျွမ်းလျက် တွေ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

ထိုနှစ်ဦးမှာ သံဖိုကျေးရွာမှ ၂၄ နှစ်အရွယ် ကိုလားရိုမွာလ် (Lal Ro Mawi)၊ ချောင်းခွရွာမှ အသက် ၅၀ ကျော်အရွယ် ဦးငွန်နယ်ထန်း (Ngun Nei Thang) တို့ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ 

ရုပ်အလောင်းကို မီးရှို့ထားခြင်းမဟုတ်ဘဲ မသေဆုံးခင် မီးရှို့ပြီး သတ်ဖြတ်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးအဖွဲ့များက ယူဆနေကြသည်။

၂၄ နှစ်အရွယ် တောင်သူ

ဒီဇင်ဘာ ၄ နံနက်က သံဖိုရွာအနီး ပဲခင်းတွင် ပေါင်းထိုးနေသည့် ကိုလားရိုမွာလ်တို့ သားအဖကို စစ်တပ်က ဖမ်းသွားပြီးနောက် နာရီပိုင်းအတွင်း ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့သည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၇) တွင်မူ ကိုလားရိုမွာလ်၏ ရုပ်အလောင်းကို မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ အိုးမြေထူးရွာတွင် မီးကျွမ်းလျက် တွေ့ခဲ့ရသည်ဟု Chinland Defense Force (Kalay – Kabaw – Gangaw) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ချုံခိုတိုက်ခိုက်မှု မခံရစေရန် အကျဉ်းသားကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု သူက ပြောသည်။

“လူသားဒိုင်းအဖြစ် သုံးတယ်လို့ပဲ ကျွန်တော်တို့က ယူဆထားတယ်။ သူတို့ ကျေးရွာတွေကို တောက်လျှောက်ဝင်မွှေတဲ့အခါ မြစ်သာမြစ်အရှေ့ဘက်ကမ်းက အိုးမြေထူးရွာမှာ တစ်ခါတည်း မီးရှို့သတ်တယ်လို့ ယူဆပါတယ်”ဟု CDF (KKG) ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

မီးလောင်ထားသဖြင့် ကိုလားရိုမွာလ်၏ ရုပ်အလောင်းဖြစ်ကြောင်း တိတိကျကျ မသိရသော်လည်း မိသားစုက သူ၏ ရုပ်အလောင်းဟု ယူဆထားကြသည်။

စစ်တပ် ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေသူအရေအတွက်၊ မီးကျွမ်းထားသည့်ရုပ်ကြွင်းတို့ကို တိုက်ဆိုင်စစ်ဆေးကာ ထိုသို့ ယူဆကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပျောက်ထားတဲ့လူအရေအတွက်နဲ့ အရိုးစုအရေအတွက် ပေါင်းလိုက်တဲ့အခါမှာ ကာယကံရှင်မိသားစုဘက်ကလည်း စိတ်လျှော့ပြီး ဒါပဲလို့ သတ်မှတ်လိုက်တဲ့ အနေအထားပါ။ တခြားတစ်ခုခု သက်သေခံပစ္စည်းမျိုး၊ တစ်ခုခုတွေ့ရှိထားတာတော့ မရှိပါဘူး” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ကိုလာရိုမွာလ်၏ ရုပ်ကြွင်းဟု ယူဆရသော အရိုးစုကို CDF (KKG) တပ်ရင်း ၃ ရဲဘော်များက သွားရောက်သယ်ဆောင်၍ ယမန်နေ့ နေ့လယ်တွင် ခရစ်ယာန်ထုံးတမ်းနှင့်အညီ သင်္ဂြိုဟ်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အသက် ၅၀ ကျော်အရွယ် တောင်သူ

ဒီဇင်ဘာ ၅ နံနက်ကလည်း အနီးအနားရှိ ချောင်းခွကျေးရွာတွင်လည်း ပဲခင်း၌ ပေါင်းထိုးနေသည့် ဦးငွန်နယ်ထန်းနှင့် သား ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာတွင် သားများကိုသာ ပြန်လွှတ်ပေးခဲ့သည်။

ဦးငွန်နယ်ထန်း၏ မီးရှို့ခံထားရသည့် ရုပ်အလောင်းကို အိုးမြေထူးရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက တွေ့ရှိခဲ့ရသည်။ 

“ရုပ်အလောင်းက သိပ်မပေါ်လွင်တော့ သူ့သားကို မေးတယ်၊ သေချာလားဆိုတာကို။ ဒီအင်္ကျီက သူ့အဖေအင်္ကျီ ဟုတ်တယ်တဲ့။ နည်းနည်းပါးပါး သူ့ပုံစံလေးလည်းရှိတော့ သေချာတယ်ဆိုပြီး သူ့သားက ကောက်ချက်ချတယ်” ဟု CNDF (ကလေးတပ်မဟာ) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

စစ်တပ်က ဖမ်းသွားသူ ဦးငွန်နယ်ထန်း၏  မီးလောင်ထားသည့် ရုပ်အလောင်းကို ဒီဇင်ဘာ ၅ ညနေက အိုးမြေထူးရွာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- CNO/ CNDF)

ရုပ်အလောင်းကို တွေ့ရှိသည့် ဒီဇင်ဘာ ၅ ရက် ညနေမှာပင် ခရစ်ယာန်ထုံးတမ်းနှင့်အညီ သင်္ဂြိုဟ်ပေးခဲ့ကြောင်း CNDF (ကလေးတပ်မဟာ) က ထုတ်ပြန်ထားသည်။ 

မီးကျွမ်းနေသည့် အလောင်းနှစ်လောင်း တွေ့ရှိခဲ့ရသည့် မြစ်သာမြစ်အနောက်ဘက်ကမ်းရှိ အိုးမြေထူးရွာသည် ဒီဇင်ဘာလဆန်းပိုင်းက စစ်တပ်၏ ဝင်ရောက်မွှေနှောက်မှု ခံရပြီး နေအိမ် ၁၀ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် စစ်သည်အင်အား ၁၀၀ ကျော်က ရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး လယ်ခြား၊ ရေရှင်၊ ကုက္ကိုလ်၊ နွားရွာ စသည့်ကျေးရွာများမှ နေအိမ် ၅၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရသည်။

အလားတူ ဒေသခံတော်လှန်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာတွင်လည်း ယမန်နေ့ (ဒီဇင်ဘာ ၇) ၌ စစ်တပ်က ဝင်ရောက်စီးနင်းကာ ပြန်ထွက်သွားပြီးနောက် ဒေသခံ ၁၁ ဦး၏ မီးကျွမ်းထားသည့် ရုပ်အလောင်းများကို အစုလိုက်အပြုံလိုက်တွေ့ရသည်။

ကျေးရွာများကို စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခံရသူတို့ကို သတ်ဖြတ် မီးရှို့အလောင်းဖျောက်ခြင်းတို့မှာ ကြီးမားသည့် စစ်ရာဇဝတ်မှုဖြစ်သည်ဟု CDF (KKG) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က ရိုင်းစိုင်းယုတ်မာတဲ့ အကျင့်သန္ဓေရှိတဲ့ စစ်တပ်ဆိုတော့ ကျွန်တော်တို့ကတော့ ဖက်ဆစ်စနစ်၊ အာဏာရှင်စနစ်ကိုပဲ အမြစ်ဖြုတ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

ကာကွယ်ရေးအဖွဲ့တို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် မရသေးပေ။ သတင်းထောက်များ ခေါ်ဆိုသည့် သူ၏ဖုန်းကို ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်ကောင်စီက ဒေသအသီးသီးမှ လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားဟု ညွှန်းဆိုလေ့ရှိသည်။

ဤအတောအတွင်း PDF များက စစ်ကောင်စီစစ်ကြောင်းများကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေကြသည်ကို ဒေသအများအပြားတွင် တွေ့နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button