သတင်း

အင်တာနက်ဈေး နှစ်ဆနီးပါးမြင့်တက်

စစ်ကောင်စီ၏ ညွှန်ကြားချက်ကြောင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ဖုန်းပြောခနှင့် အင်တာနက်ဈေးနှုန်းကို ယနေ့ ဒီဇင်ဘာ ၇ မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ရာ အင်တာနက်ဈေး နှစ်ဆနီးပါး မြင့်တက်သွားသည်။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာမှုဒဏ်ကို ပြည်သူများရင်ဆိုင်နေရချိန်တွင် လူအများ မဖြစ်မနေအသုံးပြုနေသည့် ဖုန်းပြောဆိုခအပါအဝင် အင်တာနက်ဈေးနှုန်းတိုးမြှင့်ရန် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

အခြေခံဖုန်းခေါ်ဆိုခနှင့် ဒေတာအသုံးပြုခနှုန်းထား ပြောင်းလဲခြင်းမရှိဘဲ ပက်ကေ့(Package) အလိုက် ရရှိမည့် ဖုန်းပြောရန်မိနစ်နှင့် ဒေတာပမာဏများကို လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် ယခင်က ကျပ် ၁,၀၀၀ လျှင် အင်တာနက်အသုံးပြုနိုင်မည့် အတိုင်းအတာမှာ ၁,၀၀၀ မဂ္ဂါဘိုက်နီးပါးရရှိသည့် အင်တာနက်အစီအစဉ်များမှာ ယခုအခါ ၅၀၀ မဂ္ဂါဘိုက်သာ ရရှိတော့မည်ဖြစ်သည်။ ဆက်သွယ်ရေးကုမ္ပဏီအသီးသီး၏ နှုန်းထားသစ်များအရ ယခင်က ၁ မဂ္ဂါဘိုက်ကို ၁ ကျပ်သာ ပေးခဲ့ရသော်လည်း ယခုအခါ ၂ ကျပ်ကုန်ကျမည်ဖြစ်သည်။

ထိုနည်းတူ ပြည်တွင်းဖုန်းအားလုံးကို ခေါ်ဆိုနိုင်သည့် ၁၅ ရက်သက်တမ်းရှိ အသံပက်ကေ့မှာလည်း ယခင်က ၁,၀၀၀ ကျပ်လျှင် မိနစ်ပေါင်း ၉၂ ကျော်ပြောဆိုနိုင်သော်လည်း နှုန်းထားသစ်အရ ၇၈ မိနစ်သာရနိုင်ကြောင်း တယ်လီနော၏ ဖုန်းခေါ်ဆိုမှုအစီအစဉ်နှုန်းထားသစ်တွင် တွေ့ရသည်။

အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆက်သွယ်ရေးကဏ္ဍအတွက် ပြည်ပမှ တင်သွင်းသည့် ကုန်ကြမ်းများ ဈေးမြှင့်တင်လာမှုကြောင့် အော်ပရေတာများအနေဖြင့်လည်း ယခင်ဈေးနှုန်းများဖြင့် တွက်‌ခြေ‌မကိုက်ကြောင်း ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

“အရင်တုန်းက ဒေါ်လာဈေးနဲ့ အခုဒေါ်လာဈေးနဲ့ကလည်း မတူဘူး။ မတူတာရယ် Exchange Rate (ငွေလဲခ) တွေကလည်း အရမ်းများတဲ့အခါကျတော့ပါ” ဟု ဒီဇင်ဘာ ၃ ရက်တွင် အဆိုပါဝန်ထမ်းက Myanmar Now ကို ပြောသည်။ 

ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီများက အသံနှင့် ဒေတာပက်ကေ့များကို အမည်အမျိုးမျိုးဖြင့် ရောင်းချနေပြီး ဖုန်းအသုံးပြုသူအများစုသည် ဖုန်းဘေကုန်ကျမှုသက်သာရန် ပက်ကေ့များကို အဓိကဝယ်ယူ သုံးစွဲကြသည်။ 

Broadband ကြိုးမဲ့အင်တာနက်ဈေးနှုန်းလည်း မြင့်တက်လာပြီး မြန်နှုန်း ၅ မဂ္ဂါဘိုက်ဖြင့် တစ်ရက်လျှင် ၈ ဂစ် ပမာဏအထိ အသုံးပြုနိုင်သည့် အူရီဒူး၏ ကြိုးမဲ့အင်တာနက်အစီအစဉ်မှာ ယခင်က တစ်လလျှင် ၄၅,၀၀၀ ကျပ်သာ ကျသင့်ရာမှ ယခုအခါ ကျပ် ၇၅,၀၀၀ အထိ ဈေးမြင့်တက်သွားသည်။

စစ်ကောင်စီသည် အင်တာနက်ကြော်ငြာမှ ဝင်ငွေရှာ၍ နွေဦးတော်လှန်ရေးအင်အားစုများကို ထောက်ပံ့နေသည့် ဝက်ဆိုက်နှင့် အက်ပလီကေရှင်းကို ကြည့်ရှုသူနည်းပါးစေလိုသောကြောင့် ဈေးနှုန်းတိုးမြှင့်ခြင်းဖြစ်နိုင်သည်ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဖိနှိပ်ဖြိုခွင်းမှုလုပ်ရပ်များကို ပြန်လည်တုံ့ပြန်ရန် အခွင့်မသာချိန်တွင် တော်လှန်ရေးကို ထောက်ပံ့ကူညီနေသည့် Click to Donate, ThaDin စသည့် ဝက်ဆိုင်များနှင့် အက်ပလီကေးရှင်များကို ပြည်သူများက တစိုက်မတ်မတ်အသုံးပြုကြောင်း ၎င်းက ထောက်ပြသည်။ 

“ပြည်သူလူထုက ဘာမှလုပ်လို့မရတဲ့အခါ စိတ်ကလည်းနာကြည်းတယ်။ သူတို့မှာရှိတဲ့ မိုဘိုင်းဒေတာတွေ၊ Wifi တွေနဲ့ Click to Donate ဝိုင်းနှိပ်တဲ့အခါ အများကြီး Support ဖြစ်တယ်။ နောက်တစ်ခုက သတင်းစီးဆင်းမှုကို စစ်ကောင်စီက အနည်းနဲ့အများ တားဆီးချင်တာလည်းပါမယ်” ဟု ၎င်းက ဆိုသည်။

ဈေးနှုန်းများတိုးမြှင့်ရန် ဆက်သွယ်ရေးကုမ္ပဏီအသီးသီးကို ညွှန်ကြားသော်လည်း သပိတ်မှောက်ခံရမှုကြောင့် အကြီးအကျယ်အရှုံးပေါ်နေသည့် စစ်တပ်ပိုင် Mytel က သက်သာသောဈေးနှုန်းများဖြင့် အရောင်းမြှင့်တင်ကာ သုံးစွဲသူများကို မက်လုံပေး ဆွဲဆောင်လာနိုင်ကြောင်း အထက်ပါ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်က ဆိုသည်။

“ဘယ်လောက်ပဲ မဂ္ဂါဘိုက်တွေ ဈေးချိုနေ ချိုနေ၊ ကားတွေဘာတွေ ဘယ်လောက်ပဲ (မဲ) ဖောက်ပေး ဖောက်ပေး ပြည်သူလူထုကတော့ အဲ့အတွက်ကို ဂရုစိုက်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို Myanmar Now က ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း  မရှိပေ။

ဖေဖော်ဝါရီ ၁ တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် အများပြည်သူသုံးစွဲနေသည့် အင်တာနက်ဆက်သွယ်ရေးကို စစ်တပ်က လိုသလို ခြယ်လှယ်နေသည်။

စစ်ကောင်စီသည် ဇူလိုင် ၁၂ ကလည်း မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ ပြန်ပြင်ဆင်မည်ဟု ဆိုကာ အော်ပရေတာများက ရောင်းချပေးနေသည့် ဈေးနှုန်းချိုသာသော ပက်ကေ့များကို ပိတ်ပင်ဖူးသည်။

အာဏာသိမ်းစတွင် အင်တာနက်ကို အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့်ပေးသလို များမကြာမီတွင် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုများကို ထပ်မံပိတ်ပင်ပြန်သည်။

နေရာအများအပြားတွင် အင်တာနက်ကို အချိန်ပြည့် ပြန်သုံးခွင့်ရလာသော်လည်း စစ်ကောင်စီက ၎င်းတို့အကြောင်း ပွင့်ပွင့်လင်းလင်း ရေးသားတင်ဆက်သည့် အင်တာနက်စာမျက်နှာများကို ပိတ်ဆို့ထားသည်။

သတင်းစာမျက်နှာများနှင့် မြန်မာပြည်တွင် ရေပန်းစားသည့် Facebook ကို ကြည့်ရှုလိုပါက အွန်လိုင်းလှုပ်ရှားမှုကို ခြေရာဖျောက်ရာတွင် အသုံးတည့်သည့် VPN ခေါ် သီးသန့်ကွန်ရက်ကို ထည့်သွင်းအသုံးပြုကြရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button