အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ ၉ ရပ်ကွက် ဒုဥက္ကဋ္ဌကို ယနေ့ ( ဒီဇင်ဘာ ၈ ) နံနက် ၅ နာရီခန့်တွင် သေနတ်သမားတစ်ဦးက လာရောက် ပစ်ခတ်လုပ်ကြံခဲ့သည်ဟု မျက်မြင်သက်သေများထံမှ သိရသည်။
၄၈ နှစ်အရွယ် ဒေါ်ခင်နေမျိုးသည် လမ်းမတော်မြို့နယ်၊ ဇော်ဂျီလမ်းစျေးတန်းရှိ ဆန်ဆိုင်ရှေ့တွင် မိတ်ဆွေသုံးဦးနှင့် စကားပြောဆိုနေချိန် မော်တော်ယာဉ်တစ်စင်း ရောက်ရှိလာပြီး အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကားပေါ်က ဆင်းလာပြီး ဘောင်းဘီအိတ်ထဲက သေနတ်ကို ထုတ်ပြီးတော့ လူနားကို ကပ်ပြီးတော့မှ တေ့ပြီးတော့ အငြိုးအတေးနဲ့ သူ့တစ်ယောက်တည်းကို ပစ်သွားတာဆိုတော့ အကွက်ကျကျလုပ်ထားတာလို့ ကျွန်မစိတ်ထဲ ထင်တာပဲ” ဟု ၎င်းက ပြောသည်။
ဓမ္မာရုံနှင့် ရဲတန်းလျားရှိနေသည့် ပစ်ခတ်လုပ်ကြံခံရသည့်နေရာအနီး အော်ဟစ်အကူအညီတောင်းခံသော်လည်း မည်သူမျှ ထွက်မလာခဲ့ကြောင်း၊ ရပ်ကွက်ပရဟိတအသင်းမှ အရေးပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံသို့ ပို့ရာ ဆေးရုံအရောက် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“စျေးဆိုင်ခင်းတဲ့အချိန်ကို ချက်ချင်းလာတာမဟုတ်ဘူး။ စကားရပ်ပြောနေတဲ့အချိန်မှာမှ သာသာလေး ကားကို ရပ်ပြီး ချက်ချင်းပစ်တာ။ တစ်နေရာရာက စောင့်ကြည့်ပြီးတော့မှ သူထွက်လာတာ။ နည်းနည်းကြာသွားတော့မှ သူ့ကို ပစ်တာ” ဟု ဆိုသည်။
ဆေးရုံသို့ လူနာတင်ကားနှင့် ပို့ဆောင်တော့မည့်အချိန်တွင် ရဲကား ရောက်လာသည်ဟု ၎င်းက ပြောသည်။
ထိုပစ်ခတ်မှုတွင် ဇော်ဂျီလမ်းစျေးတန်းတွင် ပလာတာရောင်းချသူ အမျိုးသမီးတစ်ဦး၏ ဘယ်ဘက်ခြေချင်းဝတ်လည်း ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု လမ်းအတွင်းနေထိုင်သူများထံမှ သိရသည်။
ပစ်ခတ်သူ မည်သူမည်ဝါနှင့် မည်သည့်အဖွဲ့အစည်းက ဖြစ်ကြောင်း မသိရှိရသေးသော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် NLD ထိပ်ပိုင်းခေါင်းဆောင်များကို နှစ်ရှည်ထောင်ချရန် ကြိုးပမ်းနေပြီး ပါတီဝင်များ၊ ဝန်းရံသူများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေသည်။
အာဏာသိမ်းမှု ဆန့်ကျင်သူများထဲမှ လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးသူတို့ကလည်း ရဲ၊ စစ်သား၊ သတင်းပေး၊ အုပ်ချုပ်ရေးတာဝန်ရှိသူများကို စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုရန် သတိပေးခြင်း၊ ပစ်ခတ်ခြင်းများ နေရာအနှံ့အပြားတွင် ပြုလုပ်နေသည်။
စစ်ကောင်စီကမူ ၎င်းတို့ကို ထောက်ခံသူများ သတ်ဖြတ်ခံရမှုအများအပြားကို သတင်းထုတ်ပြန်လျက်ရှိသည်။
ဒလန်များ ပစ်ခတ်ခံရချိန်တွင် ပစ်ခတ်မှုဖြစ်သည့် နေရာသို့ စစ်သားများ ရောက်လာကာ ပတ်ဝန်းကျင်ကို စစ်ဆေးတတ်သော်လည်း ဒေါ်ခင်နေမျိုးကဲ့သို့ အာဏာသိမ်းမှုဆန့်ကျင်သူတို့ ပစ်ခတ်ခံရချိန်တွင် စစ်သားများ ရောက်လာလေ့မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)