သတင်း

မန္တလေးတွင် စစ်ကောင်စီလက်ချက်ဖြင့် ၅ နှစ်သမီး ကျည်ထိမှန်သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၆) ညနေပိုင်းက စစ်သားများ၏ ပစ်ခတ်မှုကြောင့် နေအိမ်ရှေ့တွင် ဆော့ကစားနေသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း ၄၅ လမ်းနှင့် ၄၆ လမ်းကြား အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လက်သည်မပေါ်သည့် ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့ပြီးနောက် ထိုနေရာ၌ တပ်စွဲထားသည့် စစ်သားများက လမ်းကြိုလမ်းကြားမကျန် လိုက်လံပစ်ခတ်စဉ် ၅ နှစ်အရွယ် မအိသန္တာအောင်ဆိုသည့် မိန်းကလေးငယ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လူမှုရေးအသင်းအဖွဲ့ဝင်၊ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးနှင့် အခြားတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုနှင့် ပစ်ခတ်မှုအတွင်း ထိခိုက်မှုအသေးစိတ်ကို မသိရသော်လည်း သေနတ်ထိမှန်ခဲ့သည့် ကလေးငယ်မှာ ရပ်ကွက်ရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ကွမ်းပစ္စည်းရောင်းသည့် နေအိမ်မှဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များက အတည်ပြုသည်။

“အလောင်းကို ဆေးရုံမှာကြည့်လိုက်ရတယ်။ ကလေးက ခေါင်းကို နောက်စေ့တစ်ချက်တည်းမှန်တာ။ ဒဏ်ရာက ဆိုးဆိုးရွားရွားပဲ။ ပွဲချင်းပြီးဆုံးသွားတာပေါ့” ဟု ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးအသင်းဝင်တစ်ဦးက ဆိုသည်။ 

ထိုရပ်ကွက်ရုံးသည် ပြည်သူတို့ကို ဧည့်စာရင်းတိုင်ရန် ဖိအားပေးနေခြင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လေ့ရှိသည့် နေရာအနီးတွင်ရှိ၍ စစ်သားများ တပ်စွဲထားခြင်း တို့ကြောင့် မကြာခဏ တိုက်ခိုက်ခံရလေ့ရှိကြောင်း ကလေးငယ်သေဆုံးမှုကို မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးက ပြောသည်။

“ဗုံးက သုံးလုံးဆက်တိုက်ပေါက်တာ။ ပေါက်ပေါက်ချင်းပဲ စစ်သားတွေက သေနတ်တွေနဲ့ ရမ်းပစ်တယ်။ လမ်းကြားတွေထဲထိ လိုက်ပစ်တာ။ ကလေးက ခါတိုင်းလိုပဲ ဆိုင်ရှေ့မှာ ဆော့နေတာ။ ခေါင်းကို တည့်တည့်ထိတာ”ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ ရပ်ကွက်ရုံးတွင် စစ်သားများက လမ်းကို ဆိုင်ကယ်တစ်စီးစာ ချန်၍ ဖြတ်ပိတ်ကာ သဲအိတ်များဖြင့် ခံတပ်သဖွယ် ကာရံကာ တပ်စွဲထားသည်ဖြစ်၍ စစ်ကောင်စီဘက်က ထိခိုက်မှုမရှိနိုင်ဟု ထိုအမျိုးသမီးက ခန့်မှန်းသည်။

အခြားသော ရပ်ကွက်သားတစ်ဦး၏ အဆိုအရ စစ်သားတို့၏ ရမ်းသန်းပစ်ခတ်မှုအတွင်း ထိုကလေးငယ်ကိုသာ ကျည်ဆန်ထိမှန်ခဲ့ပြီး ရပ်ကွက်ရုံးကို ဗုံး သို့မဟုတ် မိုင်းဖြင့် တိုက်ခိုက်ခဲ့သူများကို ထိမှန်ခြင်း၊ ဖမ်းဆီးရမိခြင်း တို့မရှိဟု သိရသည်။

“ကြားလမ်းထဲထိ ဝင်ပစ်တော့ ကျွန်တော်တို့လည်းပြေးရတာ။ သေနတ်တွေနဲ့ အဆက်မပြတ်ပစ်၊ ပါးစပ်တွေက အော်ဆဲ၊ တော်တော်ဆိုးတယ်။ ကြားထဲက ကလေးက သနားစရာပေါ့ဗျာ။  ရမ်းပစ်လို့ထိသွားတာ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ကလေးငယ်၏ မိသားစုနှင့် အဆက်အသွယ်မရသေးသော်လည်း ယနေ့ (ဒီဇင်ဘာ ၇) မွန်းလွဲပိုင်းတွင် တောင်အင်းမြောက်အင်း သုသာန်၌ ဈာပနပြုလုပ်ခဲ့သည်ဟု ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။ 

ပေါက်ကွဲမှု၊ ပစ်ခတ်မှု၊ ကလေးငယ်သေဆုံးမှုတို့နှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဘီဘီစီသတင်းဌာန၏ အဆိုအရမူ ထိုကလေးငယ်သေဆုံးရခြင်းမှာ တစ်ဖက်အဖွဲ့အစည်း၏ လက်ပစ်ဗုံးကြောင့်ဟု စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်ဟု သိရသည်။ မည်သို့ထုတ်ပြန်သည်မှာမူ မရှင်းလင်းပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်သည့် မန္တလေးမြို့တွင် စစ်ကောင်စီက ရဟန်းသံဃာများပါမချန် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ နှိမ်နင်းနေသည်။

ထိုလုပ်ရပ်များကို ခုခံသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

ထိုသို့ဖြစ်စဉ်များအတွင်း စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတို့ ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိနေသော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များကို အရှိန်ဖြင့်မောင်းလာသော ကားဖြင့် နောက်မှဝင်တိုက်၍ ဖမ်းဆီးသည့် ဒီဇင်ဘာ ၅ ရက်ဖြစ်စဉ်ကိုပင် စစ်ကောင်စီက ထိမ်ချန်၍ သတင်းထုတ်သည်။

၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ (ဒီဇင်ဘာ ၇) ဖော်ပြချက်၌ ဆန္ဒပြသူများကို စစ်ကားဖြင့် ဝင်တိုက်သည့်ဖြစ်စဉ် ရုပ်သံမှတ်တမ်းသက်သေရှိလျက်နှင့်ပင် ဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ တာဝန်ယူခြင်း အလျှင်းမရှိဘဲ လူစုခွဲထိန်းသိမ်းသည်ဟု ဝါဒဖြန့်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button