
စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် ဖုန်းပြောဆိုမှုနှင့် အင်တာနက်အသုံးပြုမှု စျေးနှုန်းများကို ပြောင်းလဲတော့မည်ဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၃) တွင် ဆက်သွယ်ရေးအော်ပရေတာများက စာတိုပို့ အသိပေးနေကြသည်။
တယ်လီနောနှင့် အူရီဒူးတို့က လူသုံးများသည့် အသံနှင့် ဒေတာပက်ကေ့ ဈေးနှုန်းကို မကြာမီပြောင်းလဲသတ်မှတ်မည်ဟု ကြေညာထားပြီး နှုန်းထားသစ်ကို ဖော်ပြခြင်းမရှိပေ။
ဆက်သွယ်ရေးအော်ပရေတာတစ်ခုမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးကမူ ယင်းမှာ ဈေးနှုန်းတိုးမြှင့်ရန်ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“(ဈေး)တက်ဖို့ပဲများပါတယ်။ ကျဖို့တော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်လာဈေးတက်တဲ့အခါကျတော့ ကျွန်တော်တို့မှာလည်း ငွေရှင်းရတဲ့ဟာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
“ဥပမာ ဆင်းကတ်ဖိုးပဲထားပါတော့၊ ဆင်းကတ်တစ်ခုကို ၅၀၀ ကျပ်ရှိတယ်ဆိုပါစို့။ အရင်တုန်းက ၅၀၀ နဲ့ရတယ်။ အခု ၅၀၀ နဲ့ မရတော့ဘူး”
ယခုအစီအစဉ်တွင် အခြေခံဖုန်းခေါ်ဆိုခနှင့် ဒေတာအသုံးပြုခနှုန်းထား ပြောင်းဖွယ်မရှိဘဲ ပက်ကေ့အလိုက်နှုန်းထားကို တိုးမြှင့်မည့်ပုံစံမျိုးဖြစ်နိုင်ကြောင်း ထိုသူက ခန့်မှန်းသည်။
ဖုန်းပြောဆိုရာတွင် မိနစ် ၁၀၀ သုံးစွဲနိုင်သည့် အသံပက်ကေ့ကို ယခု ကျပ် ၁၀၀၀ ဖြင့် ရောင်းချနေရာမှ မကြာမီတွင် ထို့ထက်ပို၍ ပေးဝယ်ရမည့် သဘောဖြစ်သည်။
အူရီဒူး ဆက်သွယ်ရေးအော်ပရေတာ၏ Call Center ကို ဆက်သွယ်မေးမြန်းရာတွင် နှုန်းထားမပြောင်းလဲမီ ပက်ကေ့များဝယ်ယူထားရန် ကြေညာနေပြီး ပြောင်းလဲမည့်ဈေးနှုန်းကို အတိအကျမသိရကြောင်း ပြောသည်။
မိုဘိုင်းဖုန်းအသုံးပြုသူ အများစုသည် ဖုန်းဘေကုန်ကျမှုသက်သာရန် ပက်ကေ့များကို အဓိကဝယ်ယူသုံးစွဲကြခြင်း ဖြစ်သည်။
မြန်မာပြည်ရှိ ဆက်သွယ်ရေးကုမ္ပဏီများက အသံနှင့် ဒေတာပက်ကေ့များကို အမည်အမျိုးမျိုးဖြင့် ရောင်းချနေသည်။
အဆင်မပြေမှုများအတွက် စိတ်မကောင်းကြောင်း တယ်လီနောက ထုတ်ပြန်ထားသည်။
ဈေးနှုန်းများတိုးမြှင့်ရန် ဆက်သွယ်ရေးကုမ္ပဏီအသီးသီးကို ညွှန်ကြားသော်လည်း သပိတ်မှောက်ခံရမှုကြောင့် အကြီးအကျယ်အရှုံးပေါ်နေသော စစ်တပ်ပိုင် Mytel က ဖုန်းနှင့် အင်တာနက် အသုံးပြုခကို ပိုမိုနည်းပါးသည့်နှုန်း သတ်မှတ်ခြင်းဖြင့် အခွင့်အရေးယူလာမည်ကို စိုးရိမ်ရကြောင်း အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးက ဆိုသည်။
“Mytel သုံးတဲ့လူတွေတော့ သက်သာနိုင်မယ်လို့ထင်တယ်၊ ပရိုမိုးရှင်းတွေဘာတွေ ပေးပြီးလေ။ အဲဒီလိုဆိုရင် တော်တော်များများက မတတ်နိုင်ဘူးဆိုပြီး လိုက်သုံးရင် သူတို့ဝင်ငွေတက်လာမှာလေ။ တခြားကုမ္ပဏီတွေ အရှုံးပေါ်ပြီးထွက်ခွာသွားလေ သူတို့ကြိုက်လေပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ဇူလိုင် ၁၂ ကလည်း မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ ပြန်ပြင်ဆင်မည်ဟု ဆိုကာ အော်ပရေတာများက ရောင်းချပေးနေသည့် ဈေးနှုန်းချိုသာသော ပက်ကေ့များကို ပိတ်ပင်ဖူးသည်။
ဖေဖော်ဝါရီ ၁ တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် အများပြည်သူသုံးစွဲနေသည့် အင်တာနက်ဆက်သွယ်ရေးကို စစ်တပ်က လိုသလို ခြယ်လှယ်နေသည်။
အာဏာသိမ်းစတွင် အင်တာနက်ကို အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့်ပေးသလို များမကြာမီတွင် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုများကို ထပ်မံပိတ်ပင်ပြန်သည်။
နေရာအများအပြားတွင် အင်တာနက်ကို အချိန်ပြည့် ပြန်သုံးခွင့်ရလာသော်လည်း စစ်ကောင်စီက ၎င်းတို့အကြောင်း ပွင့်ပွင့်လင်းလင်းရေးသားတင်ဆက်သည့် အင်တာနက်စာမျက်နှာများကို ပိတ်ဆို့ထားသည်။
သတင်းစာမျက်နှာများနှင့် မြန်မာပြည်တွင် ရေပန်းစားသည့် Facebook ကို ကြည့်ရှုလိုပါက အွန်လိုင်းလှုပ်ရှားမှုကို ခြေရာဖျောက်ရာတွင် အသုံးတည့်သည့် VPN ခေါ် သီးသန့်ကွန်ရက်ကို ထည့်သွင်းအသုံးပြုနေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)