ယမန်နေ့ (ဒီဇင်ဘာ ၁ ) နေ့လယ်ပိုင်းက မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ကသဲကျေးရွာမှ “တူဒေး” လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၃၀ အရွယ် ကိုဖြိုးမောင်ရဲ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် ညပိုင်းတွင် သေဆုံးကြောင်း မိသားစုထံ ရဲစခန်းက အကြောင်းကြားခဲ့သည်။
စစ်သားနှင့် ရဲ ၁၂ ဦးခန့်က ၎င်း၏ ဇနီး၊ အသက် ၂ နှစ်အရွယ် သားဖြစ်သူတို့ကို စဉ့်ကိုင်မြို့နယ်၊ ဖလန်ဖိုရဲစခန်းသို့ ဖမ်းခေါ်သွားသော်လည်း နေ့ချင်းပြန်လွှတ်ပေးသည်ဟု ထိုရွာဒေသခံများက ပြောသည်။
ကိုဖြိုးမောင်ရဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ကို ထောက်ပံ့မှုသံသယဖြင့် စစ်ကြောမေးမြန်းစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“PDF တွေကို လှူပါတယ်ဆိုပြီး အကောင့်တစ်ခုက သူ့ကို ဖေ့ဘွတ်ခ်ပေါ်တင်တာ။ ဒါနဲ့ သူက မဟုတ်ကြောင်း ပြန်တင်တာ။ နောက်နေ့မှာ သူ့ဆိုင်ကို လာဖမ်းတော့တာ”ဟု ထိုဒေသခံ အမျိုးသားက ပြောသည်။
“လာဖမ်းကတည်းက ခြေထောက်ကို ၃ ချက် ပစ်သွားတာ။ နောက်ပြီး စခန်းမှာတင် နှိပ်စက်တာ လက်ကျိုးသွားတယ်လို့ သိရတယ်”
ကိုဖြိုးမောင်ရဲ သေဆုံးခြင်းမှာ ထွက်ပြေးရန် ကြိုးစားစဉ် ချော်လဲကာ ထိခိုက်ဒဏ်ရာရသွားခြင်းကြောင့် ဖြစ်သည်ဟု ရဲစခန်းက အကြောင်းပြခဲ့ကြောင်း၊ အလောင်းကို ၎င်းတို့က ပြန်မပေးဘဲ သင်္ဂြိုဟ်လိုက်ပြီဟု ပြောဆိုကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။
“ချော်လဲလို့ သေတယ်ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။ သူတို့ နှိပ်စက်လို့ သေတာ။ လာဖမ်းကတည်းက ပစ်ခေါ်သွားတာ။ ဒဏ်ရာတွေနဲ့ပါသွားတာ” ဟု ၎င်းက ဆိုသည်။
“ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့လူငယ်ပါ။ PDF အဖွဲ့ကလည်း မဟုတ်ဘူး။ ထောက်ပံ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရွာသားလေး ခုလိုဖြစ်တာ ကျေလည်းမကျေနပ်ဘူး”
စဉ့်ကိုင်မြို့နယ် PDF က စစ်အုပ်စုသည် အရပ်သားပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းသာဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ တပ်ဖွဲ့ဝင်မဟုတ်သလို ကျွန်တော်တို့ကိုထောက်ပံ့သူလည်း မဟုတ်ဘူး။ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ပြည်သူကို အခုလိုလုပ်တာ” ဟု စဉ့်ကိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကိုဖြိုးမောင်ရဲသေဆုံးမှုနှင့် ပတ်သက်ပြီး စဉ့်ကိုင်မြို့နယ် ဖလန်ဖိုရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းရန် Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
အလားတူ ဇူလိုင် ၆ ကတည်းက ဖမ်းဆီးခံရသည့် စဉ့်ကိုင်မြို့ထိပ် အုန်းပင်ခြံရွာမှ “ရွှေကြယ်စင်” လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမင်းသူမှာလည်း စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုကြောင့် မျက်စိနှင့် နား ထိခိုက်သွားသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
မန္တလေးတွင် စစ်ကောင်စီလက်နက်ကိုင်များက အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူများ၊ လမ်းသွားလမ်းလာများကို မကြာခဏ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်နေသည်။
နှိပ်စက်ခံရသူအများအပြား သေဆုံးသွားသော်လည်း စစ်ကောင်စီက ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



