
မန္တလေး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်၊ အေးသုခရပ်ကွက်တွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ယနေ့ (ဒီဇင်ဘာ ၂) နံနက် ၁၁ နာရီခန့်တွင် ပစ်သတ်ခံလိုက်ရသည်။
သီတာရုံဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်ခံရသူမှာ ထိုရပ်ကွက်၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် အသက် ၅၀ အရွယ် ဦးမျိုးမြင့်ဆိုသူဖြစ်ကြောင်း၊ စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကျော်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“တစ်ချက်တည်း ပစ်သွားတာ။ ခေါင်းကို ပစ်သွားတာလို့ သိရတယ်။ ပွဲချင်းပြီးပဲတဲ့။ အခု နာရေးကားနဲ့ (အလောင်းကို) လာတင်သွားပါပြီ” ဟု ၎င်းက ပြောသည်။
ဦးမျိုးမြင့်ကို ဒလန်ဟု စွပ်စွဲချက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း၊ ကြံ့ခိုင်ရေးပါတီဝင်အဖြစ် အထက်ပါ သတင်းရင်းမြစ်၏ ပြောဆိုချက်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
မန္တလေးအခြေစိုက် Generation Z Power(GZP) အဖွဲ့ကမူ ထိုပစ်ခတ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အတည်ပြုသည်။
“သူက ထလရ (ထောက်လှမ်းရေး) −၁၆ နဲ့ ဆက်သွယ်သတင်းပေးနေတယ်လို့ သိရတဲ့အတွက် လုပ်လိုက်ရတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးလည်း စစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်သမျှ ရှင်းလင်းသွားမှာပါ” ဟု GZP အဖွဲ့သားတစ်ဦးက ပြောသည်။
GZP အဖွဲ့သည် ယမန်နေ့ (နိုဝင်ဘာ ၁) နေ့လယ်ပိုင်းကပင် ထိုမြို့နယ်၌ပင်ရှိသည့် ဟေမမာလာရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးလှိုင်မောင်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သေးသည်။
ဖေဖော်ဝါရီ(၁) အာဏာသိမ်းပြီးနောက် ဆန္ဒပြဆန့်ကျင်သူများနေ့စဉ်ရှိနေသည့် မန္တလေးတွင် ရဟန်းသံဃာများပါမချန် ကားဖြင့်တိုက် သေနတ်ဖြင့်ပစ်၍ စစ်ကောင်စီက ဖြိုခွင်းနေချိန်တွင် ယင်းကို ခုခံသည့် GZP ကဲ့သို့ ဒေသခံတော်လှန်ရေးအဖွဲ့များ ပေါ်ထွန်းလာသည်။
ဆန္ဒပြသူ၊ အာဏာဖီဆန်မှု၌ ပါဝင်သူတို့ ဖမ်းဆီး၊ သတ်ဖြတ်ခံရသည့် ကိစ္စများတွင် စစ်တပ်ကို သတင်းပေးကူညီသည်ဟု ယူဆရသူများမှာလည်း ထိုအဖွဲ့တို့၏ ပစ်မှတ်ဖြစ်လာပြီး တိုက်ခိုက်ခံရမှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
ထိုဖြစ်စဉ်များအတွင်း စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော ကြံ့ခိုင်ရေးပါတီဝင်တချို့လည်း ပါဝင်နေပြီး အာဏာသိမ်းသည့် ဖေဖော်ဝါရီမှ ၇ လအတွင်း ၂၅၃ ဦး အသက်ဆုံးခဲ့ရသည်ဟု ထိုပါတီက စက်တင်ဘာ ၃ တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ အာခံနေသည့်အဖွဲ့များနှင့် အသုံးပြုလက်နက်များကို ဖမ်းဆီးရမိနေသည်ဟု စစ်ကောင်စီက တောက်လျှောက်ထုတ်ပြန်နေပြီး ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ (ဒီဇင်ဘာ ၂) ဖော်ပြချက်အရ ယခုရက်ပိုင်းအတွင်း မန္တလေး၌ ၃၃ ဦး ဖမ်းမိသည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)