သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်တပ်နှင့် ဒေသခံ PDF တိုက်ပွဲဆက်ဖြစ်နေ 

ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ အင်ပင်ရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၂၉) မွန်းလွဲပိုင်းမှစ၍ စစ်တပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း ဒီပဲယင်း PDF တာဝန်ရှိသူက ပြောသည်။ 

မွန်းလွဲ၂ နာရီဝန်းကျင်ခန့်မှစ၍ အင်အား ၅၀ ခန့်ရှိ စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။ 

“အင်ပင်ကုန်းထဲကို သူတို့ (စစ်တပ်)က မနက်ကတည်းက မွှေနေတာ။ အခုလောလောဆယ်တော့ အသေးစိတ်ပြောလို့ မရသေးဘူး”ဟု ထိုသူက ဆိုသည်။ 

ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ညောင်လှရွာနှင့် အနီးတစ်ဝိုက်ကို နိုဝင်ဘာ ၂၇ ရက်တွင် စစ်တပ်က ရဟတ်ယာဉ်ငါးစီးဖြင့် အင်အားဖြည့်တင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးရွာ ၉ ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အင်ပင်ရွာလည်း အပါအဝင်ဖြစ်သည်။ 

ညောင်လှနှင့် ဆည်ကြီးရွာကို ဆက်သွယ်ထားသော မူးမြစ်ကူး ယဉ်ကျေးတံတားအနီး တပ်စွဲထားသည့် စစ်တပ်က အနီးတစ်ဝိုက်ကျေးရွာများကို လိုက်လံစီးနင်းလျက်ရှိရာ ယနေ့တွင် အင်ပင်ရွာကို လာသည့် စစ်ကြောင်းကို ဒီပဲယင်း PDF က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

“အင်ပင်ရွာကို သွားမဲ့စစ်ကြောင်းကို (ယဉ်ကျေး) ရွာအထွက်မှာ (မိုင်း) ခွဲလိုက်တာ။ ကျွန်တော်တို့ ထောင်ထားတဲ့ (လက်လုပ်) မိုင်း သုံးလုံးကွဲသွားတယ်။ စစ်ကြောင်းကတော့ အဲဒီနေရာကနေ ဆက်သွားတယ်။ မနက်ကတော့ တိုက်ပွဲမဖြစ်လိုက်ဘူး” ဟု ၎င်းက ဆိုသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် ထိခိုက်ဒဏ်ရာရသွားသော်လည်း သေဆုံးမှုရှိမရှိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာ ၂၇ ရက်တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခံရစဉ်အတွင်း ညောင်လှရွာသား ခြောက်ဦး၊ သစ်တုံရွာသားတစ်ဦး သေဆုံးခဲ့သည်ဟု ထွက်ပြေးနေရသည့် ဒေသခံများကို ကိုးကား၍ ဒေသခံသုံးဦးက ယမန်နေ့တွင် Myanmar Now ကို ပြောထားသည်။ 

ယမန်နေ့ ညနေပိုင်းတွင်လည်း ယဉ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်မှ တစ်မိုင်ကျော်အကွာရှိ နများရွာသို့ သွားရောက်သော စစ်ကြောင်းတစ်ခုကို ဒီပဲယင်း PDF က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ထိုသို့တိုက်ခိုက်ခံရစဉ်အတွင်း ဒဏ်ရာရစစ်သားများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာသို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ဟု ဒီပဲယင်း PDF ဘက်က ဆိုသည်။

“မနေ့က (မိုင်း) ခွဲပြီးတော့ အပြန်အလှန်တွေ ပစ်တာတွေဖြစ်တယ်။ ကွဲသံတွေရော၊ ပစ်သံတွေရော ရောသွားတာ။ (ကြား)ဖြတ်တိုက်သလို ဖြစ်သွားတာပေါ့။ အပြန်အလှန်ပစ်တဲ့အချိန်က သိပ်မကြာဘူး။ ၁၀ မိနစ်လောက်ပဲ။ သူတို့က မိုင်းဆွဲတိုက်ခံရရင် လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ တရစပ်ပစ်တာလေ။ ၁၅ ဦး လောက်ပါသွားတယ်လို့ သတင်းရတယ်။ ဟတ်စကီးနဲ့ လာသယ်သွားတယ်” ဟု ဒီပဲယင်း PDF တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းတွင် နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံးနိုင်သည်ဟု ဒီပဲယင်း PDF က ယူဆသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ဒီပဲယင်းအနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာအနီးရှိ စိုက်ခင်းတဲများ ယနေ့ မွန်းလွဲပိုင်းက မီးရှို့ခံထားရသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Kaung Kin) 

လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်းမှ ညောင်လှ၊ ဆည်ကြီးာ၊ သရက်တော၊ မူးခတွင်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး၊ အင်ပင်ရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ဒေသခံများမှာ စစ်ကောင်စီတပ်၏ အင်အားသုံးစီးနင်းမှုများကြောင့် နိုဝင်ဘာ ၂၇ ညနေကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်။

ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်လည်း နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရောက်ရှိနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် အင်ဘုတ်ရွာနှင့် ရွှေမုံရွာတို့အနီးရှိ ယာခင်းများအတွင်းရှိ တဲ ၁၁ လုံးကို မီးရှို့သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်အား ၁၅၀ ခန့်ရှိ စစ်တပ်က စစ်ကြောင်းနှစ်ခုခွဲ၍ နံနက် ၈ နာရီဝန်းကျင်တွင် ရွှေမုံရွာ အနောက်ဘက် ယာခင်းထဲရှိ တဲသုံးလုံး၊ နံနက် ၉ နာရီတွင် အင်ဘုတ်ရွာအနောက်ဘက် ၇ မိုင်အကွာရှိ ယာခင်းများထဲရှိ တဲရှစ်လုံးတို့ကို မီးရှို့ပစ်ခဲ့သည်ဟု ထိုနယ်ခံအမျိုးသားက ဆိုသည်​။

“(ဒီပဲယင်း)အနောက်ခြမ်းမှာက တိုက်ပွဲတော့ မဖြစ်သေးဘူး။ စစ်ကြောင်းနှစ်ကြောင်းနဲ့ မွှေနေတယ်။ စစ်ကြောင်းထိုးရင်း တွေ့တဲ့ တဲတွေကို မီးရှို့သွားတယ်။ ရွာထဲ စစ်ကြောင်းလာရင်လည်း (ဒေသခံတွေ) သွားနေ (ပုန်းရှောင်) ကြတဲ့ တဲတွေပေါ့ဗျာ။ အခုတော့ အဲဒီနေရာကသူတွေလည်း ဘေးလွတ်ရာ ပြေးနေကြတယ်။ ရွာတွေထဲမှာတော့ မီးရှို့တာ မရှိသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဒီပဲယင်းမြို့နယ် အနောက်ပိုင်းရှိ ဆပ်ပြာကျင်းရွာအနီးတွင် ယာတဲအချို့ကို စစ်တပ်က မီးရှို့သွားကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသသတင်းများဖော်ပြနေသည့် ညီနောင်များအမည်ရ Facebook စာမျက်နှာက ရေးသားသည်။ 

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း ဒေသခံ PDF က ပြောဆိုသော်လည်း လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button