မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် နိုင်ငံတကာကုမ္ပဏီများတွင် ဩစတြေးလျနိုင်ငံပိုင်ရန်ပုံငွေအစီအစဉ်တစ်ခုဖြစ်သည့် အနာဂတ်ရန်ပုံငွေ (Future Fund) က ဩစတြေးလျဒေါ်လာ ၁၅၇ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၁၂ သန်းကျော်) ရင်းနှီးမြှုပ်နှံထားကြောင်း Justice For Myanmar က ယနေ့ (နိုဝင်ဘာ ၂၉) သတင်းထုတ်ပြန်သည်။
ဩစတြေးလျရန်ပုံငွေများ ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများတွင် မြန်မာစစ်တပ်နှင့် လက်နက်ကုန်သွယ်ရေးအရ ဆက်စပ်နေသော ကုမ္ပဏီ ၆ ခုပါဝင်ပြီး အခြားကုမ္ပဏီများမှာ အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် အဖျော်ယမကာလုပ်ငန်း တို့ဖြစ်သည်ဟု သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများက မြန်မာစစ်တပ်ကို ငွေကြေးအထောက်အပံ့ပြုအရင်းအမြစ်များဖြစ်နေကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။
“သန်းပေါင်းများစွာသော နှစ်စဉ်အခွန်ငွေတွေကို ပေးအပ်နေတဲ့ ဒီလိုကုမ္ပဏီတွေဆီမှာ ဩစတြေးလျအခွန်ထမ်းပြည်သူတွေရဲ့ ရန်ပုံငွေတွေကို ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေနဲ့ မြန်မာ့အနာဂတ်ကို အထိခိုက်ခံပြီး အကျိုးအမြတ်ရရှိနေမှုတွေကို ရပ်တန့်ဖို့ အချိန်တန်ပါပြီ” ဟု Justice For Myanmar ပြောရေးဆိုင်ခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ကလေးသူငယ်များအပါအဝင် ပြည်သူ ၁,၂၀၀ ကျော် သတ်ဖြတ်ခံရပြီး စစ်ကောင်စီက ထောင်နှင့်ချီသော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းနှင့် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေကြောင်းလည်း မရတနာမောင်က ဆိုသည်။
ဩစတြေးလျရန်ပုံငွေ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများမှာ တရုတ်၏ AVIC လက်အောက်ခံကုမ္ပဏီ ၅ ခု၊ Adani, Sinotruk, Bharat, Daiwa House Industry, Hilton Worldwide Holding, Kirin, Posco, PTT နှင့် Tokyo Tatemono တို့ဖြစ်ကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများကို ပစ်မှတ်ထားစီးပွားရေးဒဏ်ခတ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ဆို့ရေးကို အားပေးရန် ဩစတြေးလျအစိုးရကို Justice For Myanmar အဖွဲ့က တောင်းဆိုထားသည်။
ထို့ပြင် ဩစတြေးလျ၏ အနာဂတ်ရန်ပုံငွေအပြင် အခြားရင်းနှီးမြှုပ်နှံထားသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများချက်ချင်းရုပ်သိမ်းရန် တောင်းဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ဒဏ်ခတ်အရေးယူမှုများတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပါဝင်သည်။
စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်မှုများကို အထောက်အပံ့ပေးနေသည့် စစ်တပ်ပိုင်ကုမ္ပဏီများနှင့် အဆက်အသွယ်ဖြတ်တောက်ရန် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၉ ခုနှစ်တွင် တောင်းဆိုခဲ့ဖူးသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)