
ဆွာ၊ ပဲခူးတိုင်း – ဩဂုတ်လကုန်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပြိုကျသဖြင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအနေဖြင့် ဆည်မြောင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ထံမှ လုံလောက်သည့် အကူအညီများ မရသေးဟု ပြောသည်။
ဆွာတမံရေပိုလွှဲမှ ရေကျော်ကျသည့် အခြေအနေနှင့်ပတ်သက်ပြီး တမံအခြေအနေ စိုးရိမ်စရာမရှိကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများက ရေးသားခဲ့ပြီး နှစ်ရက်အကြာတွင် တမံ ကျိုးပေါက်ခဲ့သဖြင့် ဆွာနှင့် ရေတာရှည်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၈၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကာ လူခြောက်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၆၀,၀၀၀ ကျော် နေရာပြောင်းရွှေ့ခဲ့ရသည်။ ရန်ကုန်-မန္တလေး ရထားလမ်း အစိတ်အပိုင်းအချို့နှင့် အမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားတို့လည်း ပျက်စီးခဲ့သည်။
အောက်တိုဘာ တတိယပတ်အတွင်း Myanmar Now က ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာအချို့သို့ သွားရောက်ခဲ့ရာ ၎င်းကျေးရွာများတွင် ရေဘေးသင့် အိမ်ထောင်စုများအား အစိုးရက ငွေကျပ်သုံးသိန်းစီ ထောက်ပံ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်သမားများဖြင့် အိမ်များကို လတ်တလော တည်ဆောက် ပေးနေသည်ကို တွေ့ခဲ့ရသည်။
အိမ်တိုင်ကျွတ်ပါသွားသူများသာ ထောက်ပံ့ငွေကျပ် သုံးသိန်းရရှိပြီး ပြိုခါနီးအိမ်များအနေနှင့် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိကြောင်း ရေတာရှည်မြို့နယ် ကညင်အိုင် ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေါ်တင်ရှိန်က Myanmar Now ပြောသည်။
“ကလေးက သွက်ချာပါဒလေးဆိုတော့ အိမ်ကပစ္စည်းတွေကို ဘာမှလိုက်ဆယ်ချိန် မရလိုက်ဘူး။ အိမ်ပြန် ပြင်နိုင်ဖို့နေနေသာ လယ်ကလည်းပျက်စီးဆိုတော့ ဘာမှလုပ်ကိုင်စားသောက်လို့ မရတော့တာပဲ ဆိုးတယ်” ဟု ယိုင်ထိုးနေသည့်တဲအိမ်ငယ်ကို ကြည့်ကာ ပြောသည်။ လက်ရှိတွင် မိသားစုတစ်စုလုံး ပုဂ္ဂလိကထောက်ပံ့ရေး အသင်းများ၏ အကူအညီဖြင့် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေသည်ဟု ပြောသည်။
သဲနုန်းဖုံးသွားသည့်မြေဧရိယာများ၌ ပြန်လည်စိုက်ပျိုးနိုင်ရန် ထောက်ပံ့ကြေးငွေပေးပြီး ၎င်းတို့အိမ်ကို ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက အစိုးရထံမှ မျှော်လင့်နေသည်။
ဆွာတမံကျိုးပေါက်မှုတွင် လူနေအိမ်များသာ မျောပါပျက်စီးခြင်းမဟုတ်ဘဲ အိမ်တွင်မွေးမြူထားသည့် ကျွဲ ၊ နွား၊ ဝက် စသည့် တိရစ္ဆာန်များ သေကျေပျက်စီးခဲ့သလို ရေဖုံးလွှမ်းသည့် ကျေးရွာများတွင် ပြန်လည်စိုက်ပျိုးမရအောင် ဧရိယာတော်တော်များများမှာ သဲနုန်းဖုံးလွှမ်း ပျက်စီးခဲ့ခြင်းကြောင့် စားဝတ်နေရေးကျပ်တည်းမှုကို ရင်ဆိုင်နေရသည်ဟု ဒေသခံရွာသူ၊ ရွာသားများက ဆိုသည်။
“အမှန်ဆို ရေနောက်ပါတဲ့ တိရစ္ဆာန်တွေကို ပြန်လိုက်ယူပေးသင့်တယ်။ အခုကျတော့ ပိုက်ဆံပေးပြီးမှ ပြန်ယူနေရတာမျိုးတွေ ရှိတယ်။ သိန်းနဲ့ချီပြီးပေးရတယ်။
ရေအဆုံးကုန်းတစ်ဝက်ဆိုပြီး တော့ပေါ့။ အစိုးရလူကြီးတွေက လိုက်ယူပေးရင် ပိုက်ဆံမပေးရဘဲပြန်ရနိုင်တယ်” ဟု ကညင်အိုင်ကျေးရွာနေ တောင်သူ ကိုမျိုးက ပြောသည်။
ရေနစ်မြုပ်မှုကြောင့် အိမ်အလုံးလိုက်ရေထဲပါသွားသည်ကို ကြုံခဲ့ရသည့် ကညင် ဆွာမင်းလမ်း ကျေးရွာနေ မခိုင်ဇင်မိုးကမူ သဲနုန်းဖုံးသွားသည့် လယ်ယာမြေများနှင့် ပတ်သက်ပြီး အစိုးရဘက်က တစ်စုံတစ်ရာ ဖြေရှင်းပေးရန် မျှော်လင့်နေသည်။
“အိမ်ဆောက်ပစ္စည်းတွေက ရွာထဲအထိ မရောက်တော့ သွားသယ်ရတယ်။ သယ်တဲ့စရိတ်ကိုက နှစ်သိန်းလောက် ကုန်နေပြီ။ ကျန်တာတော့မတောင်းဆိုချင်ပါဘူး။ အရင်လို လယ်ပြန်လုပ် စားရရင်ကို ကျေနပ်ပါပြီ” ဟု အသက် ၃၂ နှစ်အရွယ်ရှိသည့် ၎င်းကပြောသည်။
မိသားစုလေးယောက်ရှိသည့် ၎င်းတို့မိသားစုတွင် ယောက်ျားဖြစ်သူက ကျပ် ၂၅၀၀ သာရရှိသည့် နေ့တစ်ပိုင်း လယ်အငှားလိုက်ပြီး မခိုင်ဇင်မိုးက နေပြည်တော်အစိုးရဝန်ကြီးများရုံးတွင် သန့်ရှင်းရေးဝန်ထမ်းလုပ်သည်။ မူကြိုအရွယ်ကလေးငယ် သုံးဦးရှိပြီး ကယ်ဆယ်ရေးအသင်းများ၏ထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေရသည်။
ကညင်အိုင်ကျေးရွာတွင် သဲနုန်းဖုံးပျက်စီးသည့် လယ်မြေ ၁၀ ဧကထက်မနည်းရှိနေပြီး ထိုပျက်စီးဆုံးရှုံးမှုများအတွက် ကူညီဖြေရှင်းပေးရန် ဆည်မြောင်းဝန်ကြီးဌာနသို့ စာတင်ပြထား သော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးကြောင်း ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းထိန်က ပြောသည်။
“ဆည်မြောင်းက သဲဖုံးသွားတဲ့ လယ်တွေကိုသူတို့ထွန်စက်တွေနဲ့ လာပေါက်သွားပြီး အပျက်အစီးစာရင်းတွေ တင်ထားတာ အခုထိ ဘာမှအကြောင်းမထူးဘူး။ ဝန်ကြီးချုပ်က ကျွံသွားတဲ့ (ရွာချင်းဆက်လမ်းပေါ်ရှိ) တံတားကိုလည်း သိန်း ၈၀ ချပေးမယ် ပြောသွားတယ်။ အခုအချိန်အထိလည်း ဘာမှမကြားတော့ပါဘူး။ ဘယ်သူ့မှမလုပ်ပေးရင် ကိုယ့်ဟာကိုယ် ရွာတွေစုပြီးပဲ ပြန်လုပ်ရတော့မယ်”ဟု ၎င်းက ပြောသည်။

နောက်တစ်ကြိမ်တမံကျိုးပေါက်မည်ကို စိုးရိမ်နေ
ကျေးရွာပေါင်း ၈၀ ကျော်ရေဘေးသင့်စေခဲ့သည့် ဆွာချောင်းတာတမံ မကျိုးပေါက်ခင်ကလည်း တမံကျိုးပြီဟု ကောလာဟလများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ် တမံကျိုးပေါက်သည်ဆိုသော သတင်းကြောင့် ရွာအတွင်း ပွက်လောရိုက်ခဲ့သေးသည်ဟု ကညင်အိုင်ကျေးရွာနေ ကိုအောင်ထွန်းဖိုက်က ပြောသည်။
“အဲဒီတုန်းကတော့ ည ၁၁ နာရီလောက်ဖြစ်နေတော့ ပြေးချိန်ရတော့မှာမဟုတ်ဘူးဆိုပြီး တစ်ရွာလုံး အသေခံမယ်ဆိုပြီး ရွာထဲမှာ ဆရာတော်နဲ့ ထိုင်စောင့်နေကြတာ။ ကျီးလန့်စာစား ဖြစ်မှာစိုးလို့ တမံကျိုးတယ် ပြောတဲ့သူကို ဖမ်းမယ်ပြောကြတော့ နောက်ပိုင်း သိပ်မပြောကြတော့ဘူး” ဟု ပြောပြသည်။
ဆွာချောင်းရေလှောင်တမံ ကြံ့ခိုင်မှုမရှိကြောင်းကျေးရွာအချင်းချင်းအကြား ပျံ့နှံ့နေဆဲဖြစ်ခြင်းကြောင့် နောက်တစ်ကြိမ် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားမည်ကို အနီးဝန်းကျင်ကျေးရွာများ နေပြည်သူတို့ စိုးရိမ်နေကြသည်။ ရေဖုံးလွှမ်းပြီးနောက် မိသားစုဆုံးရှုံးဘဝပျက်ရသည့် မိသားစုများကိုလည်း အသင့်အတင့်ဖြစ်အောင် ထောက်ပံ့မှုမျိုးမရှိခြင်းကြောင့် စိတ်ပျက်ဝမ်းနည်း မိသည်ဟု ၎င်းကဆက်ပြောသည်။
“ဒီတမံကြီး တစ်ချိန်မဟုတ်တစ်ချိန် ထပ်ဖြစ်မှာပဲ။ မကျိုးမှာနဲ့ကျိုးမှာဆို ကျိုးမှာပဲများတယ်။ အဲ့ဒီအချိန်က ကျွန်တော်တို့ပြည်သူတွေ တစ်စက္ကန့်တောင် ပြေးချိန်ရမှာမဟုတ်ဘူး။
လက်လွတ်စပယ်ကြီး ထားနေမယ် ဆိုရင်တော့ အောက်ကပြည်သူတွေအသက်က တန်ဖိုးမရှိသလို ဖြစ်နေမှာပဲ။ တွေးပြီးကြောက်နေတော့လည်း မထူးဘူး။ ကံပဲပေါ့” ဟု ဆိုသည်။
ပျက်စီးဆုံးရှုံးသည့် လယ်ယာမြေများအတွက် လျော်ကြေးရရှိရန် တောင်သူများက ဆန္ဒရှိနေပြီး လတ်တလော မပျက်စီးသည့်လယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရန် ဆည်မှရေကို လွှတ်ပေးရန် ဒေသခံများက တောင်းဆိုသည်။
“သဘာဝဘေးကြောင့် ဖြစ်တာမှမဟုတ်ဘဲ။ ကျွန်တော့်တစ်သက် မိုးများပြီး လယ်မြေပျက်ခဲ့တာလည်း မရှိခဲ့ဘူး။ ကျွန်တော်တို့လို လယ်မြေဆုံးရှုံးတဲ့သူတွေကတော့ ဘာထောက်ပံ့ကြေးမှ မရဘူး” ဟု တောင်သူကိုနိုင်ဦးက ဆိုသုည်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း သဲနုန်းဖုံးလွှမ်းပျက်စီးသွားသည့် လယ်မြေဧရိယာ ဧက ၁,၀၀၀ ခန့်ရှိကြောင်း၊ ပျက်စီးရာကျေးရွာအုပ်စုများတွင် ဆည်မြောင်းဝန်ကြီးဌာန နှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ မူလမြေအခြေအနေ ပြန်လည်ရရှိရန် ဆောင်ရွက်မှုများပြုလုပ်နေသည်ဟု ၎င်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်က ပြောသည်။ ကျေးရွာပေါင်းမည်မျှတွင် လက်ရှိဆောင်ရွက်နေသည်ကိုတော့ မသိရှိကြောင်း ဆိုသည်။
နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးကမူ ဆွာချောင်းတမံကို ပြန်လည်ပြင်ဆင်နေပြီး ဒီဇင်ဘာလအတွင်း ရေပြန်လည် ပေးနိုင်မည်ဟု Myanmar Now ကို ပြောသည်။
“နှစ်တိုင်းနှစ်တိုင်းမှာ ဆွာဆည်က ဒီချိန်ရေမပေးသေးဘူး။ ပုံမှန်ဆို ဒီဇင်ဘာလကုန်ပေးတာ။ အခုတော့ ဒီဇင်ဘာ ၁၅ လောက်ရေပေးနိုင်မယ်။ တမံပြင်ဆင်မှုက ဒီနှစ်ကိုရေပေးနိုင်ဖို့ အဆင့်အတန်းထိတော့ ပြင်ပြီးပြီ။ ဆည်ရေပေးဖို့နဲ့ ပြန်လည်စိုက်ပျိုးရေးကိုပဲ လုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ပစ်ထားသည်ဟု ခံစားရသူတို့က မကျေနပ်
ရေတာရှည်မြို့နယ် ဆွာချောင်းကျေးရွာသား အသက် ၂၃ နှစ်အရွယ်ရှိ ကိုဖိုးဇော်ကမူ ဆည်မြောင်းဌာနသည် ဆည်ကျိုးကျသည့်ကိစ္စကို ကြိုတင်အသိပေးရန် ပျက်ကွက်ခဲ့သည်ဟု ပြောသည်။
“အရင်ကတော့ သူတို့ ပြောတာပဲ။ တမံကျိုးရင် အမြောက်သုံးချက်ဖောက်ပေးမယ်လို့ဆိုပြီးတော့ တကယ်တမ်းကျိုးတဲ့အခါကျတော့ ဘာအသံမှ မကြားလိုက်ဘူး။ ရွာအချင်းချင်း ပြောကြလို့ သိကြတာ” ဟု ၎င်းက ဆိုသည်။
ရေလွတ်ရာပြေးရန် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖုန်းဝင်လာသော်လည်း မကြာခဏဆိုသလို ကြားနေရသည့် ကောလာဟလသတင်းကြောင့် မယုံကြည်ခဲ့ဘဲ တမံကျိုးပြီး ခဏအကြာတွင် ဆိုင်ကယ်သုံးစီး ရှေ့မီးဖွင့်လျက် ရွာထဲသို့ဝင်လာပြီး လွတ်ရာ ပြေးကြရန် သံပြိုင် အော်ဟစ်ကြသည်မှ သိသည်ဟု ကိုဖိုးဇော်က ဆိုသည်။
တစ်ရွာလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်ကာ အိမ်ရှိပစ္စည်းများ တစ်ခုမှမသယ်နိုင်၊ လူသာလွတ်အောင် ရုန်းပြေးကြတော့ သည်။ ကိုဖိုးဇော်က သူ့ မိန်းမနှင့် ကလေးအား ဆိုင်ကယ်ဖြင့် လွတ်ရာပို့ပြီး အိမ်တွင်ချည်ထားခဲ့သည့် ကျွဲနွားများ လွှတ်ရန် ရွာထဲသို့ ပြန်လာခဲ့သည်။
“(ရေက) ဝါတာတာပုံစံကြီးနဲ့ သံလမ်းတွေကျော်လာတဲ့အခါ အသံကလည်း ကြောက်စရာကောင်းတယ်။ မိနစ်ပိုင်းနဲ့ အကုန်မြုပ်ကုန်တာ။ တစ်နေရာမှမပေါ်ဘူး” ဟု လျှပ်တစ်ပြက် မြင်လိုက်ရသည့် မြင်ကွင်းကို ကိုဖိုးဇော်ပြောပြသည်။
တစ်ရစ်ရစ်တိုးလာသည့် ရေမျက်နှာပြင်သည် ဆွာချောင်းကျေးရွာအတွင်းရှိ လူနေအိမ်များကို မိနစ်ပိုင်းအတွင်း ဖုံးလွှမ်းသွားသည်။ အုန်းပင်ထိပ်ဖျားသို့တက်ကာ ထိုအန္တရာယ်မှ ကိုဖိုးဇော် ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ကိုဖိုးဇော် တစ်ယောက် မိမိနှင့်မိသားစု ဘေးအန္တရာယ်ကင်းခဲ့သော်လည်း အေးသာယာရွာ တွင်နေထိုင်သည့် ဒေါ်တင်တင်မော်သည် အသက် ၁၁ နှစ်အရွယ် သားငယ်ကို ဆုံးရှုံးခဲ့ရသည်။ ထို့နေ့က ရေလွတ်ရာပြေးရန် ဖုန်းဝင်လာသောကြောင့် အိမ်ရှိသားဖြစ်သူနှင့်အတူ ရန်ကုန်-မန္တလေး မီးရထားသံလမ်းအတိုင်း ပြေးခဲ့သည်။ သံလမ်းမှ ဆွာမြို့ကုန်းမြင့်ပေါ်သို့ရောက်ရန် ဝါးတစ်ပြန်စာအလိုတွင် ရေလုံးက ၎င်းတို့အား ရိုက်ထုတ်ခဲ့ခြင်း ဖြစ်သည်။
“ရေလုံးနီးလာပြီ မလွတ်တော့ဘူးလို့ထင်တဲ့အခါကျတော့ အန်တီတို့ အကုန်ထိုင်ချလိုက်ပြီး သံပေါင်ကို ဆွဲထားကြတာ။ ဒါပေမယ့် သံလမ်းက ဆွဲလှန်လိုက်သလို မှောက်ခုံ ဖြစ်သွားတယ်။ အန်တီနဲ့ဗိုက်ကြီးသည် (တစ်ယောက်) အရင်ရေထဲကျတယ်။ အဲဒီနောက် သားဘာဆက်ဖြစ်လဲ အန်တီ မသိရတော့ဘူး” ဟု မချိတင်ကဲဆိုသည်။
သူ့တွင် သားသမီးသုံးယောက်ရှိပြီး သေဆုံးသူ မောင်သူရဇော်မှာ အငယ်ဆုံးသားဖြစ်သည်။ ရေထဲတွင် လူစုကွဲပြီးနောက် သားဖြစ်သူကို လိုက်လံရှာဖွေခဲ့ရာ ၁၇ ရက်အကြာတွင် အိမ်နီးချင်း ရွာလယ်ကွင်းထဲ၌ လတ်ပတ်နာရီ၊ အဝတ်အစားများနှင့်အတူ သားငယ်၏အရိုးစုကို တွေ့ရှိခဲ့ရသည်ဟု ကြေကွဲစွာဆိုသည်။
ယင်းတမံကျိုးပေါက်မှုကြောင့် သေဆုံးသူခြောက်ဦးအထိရှိခဲ့ပြီး အေးသာယာရွာမှ ငါးတန်းကျောင်းသား ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။
သေဆုံးသူမိသားစုထံ တိုင်းဒေသကြီးအစိုးရမှ ငွေကျပ်သုံးသိန်း ပေးအပ်ထောက်ပံ့ခဲ့သည်ဟု သေဆုံးသူ မောင်သူရဇော်၏ မိခင် ဒေါ်တင်တင်မော်က ပြောသည်။
သားဖြစ်သူရုပ်အလောင်း ပြန်လည်ရရှိသည့်နေ့တွင် ဒေါ်တင်တင်မော် ဆည်ရှိရာသို့ သွားရောက်ခဲ့ပြီး ဆည်မြောင်းတာဝန်ရှိသူများနှင့် တွေ့ခွင့်ရရှိရန် တောင်းဆိုခဲ့သည်။
“သူတို့ပြောတာ လက်ဆွယ်မြောင်းလေး ပဲ့ရုံပဲ့သွားတာပါလို့ ပြောတယ်။ ကျိုးနေတဲ့နေရာမှာ ကွန်ကရစ်လုပ်ထားတာ သံချောင်းတစ်ချောင်းမှ မပါဘူးနော်။ ကျန်တဲ့နေရာတော့မသိဘူး။
သူတို့မှာလေးစားမှုရှိရင် ဘဝပျက်တဲ့မိသားစုတွေကို သူတို့ဒီလိုထားပါ့မလား။ ကျွန်မ ဆည်မြောင်း (ဌာန) ကိုတော့ လုံးဝမှမကျေနပ်ဘူး။ ကျွန်မသား လူ့ဘဝမရောက်မချင်း အဲ့ဒီဆည်မအောင်မြင်ပါစေနဲ့လို့ကို ဆုတောင်းတယ်” ဟု နှုတ်ခမ်းဖျား စေ့စေ့တင်းကာ ပြောသည်။