သတင်း

အဂတိစွဲချက်နှစ်မှုတွင် ဒေါ်အောင်ဆန်းစုကြည် မှန်ကန်ကြောင်း စစ်မေးနိုင်ခဲ့

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိမှုများအနက် နှစ်မှုကို ယနေ့(နိုဝင်ဘာ ၂၆ ရက်နေ့) နေပြည်တော်ကောင်စီဝင်း သီးသန့်တရားရုံးတွင် စစ်ဆေးစဉ် ဒေါ်အောင်ဆန်းစုကြည်က လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ခဲ့ကြောင်း စစ်မေးနိုင်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေရယူမှုများနှင့် ပတ်သက်သည့် ထိုနှစ်မှုကို အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သည့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းတရားခွင်၌ စစ်ဆေးသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းဖွင့်ရန်ရှိသည့် ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က သူ၏ မိခင် ဒေါ်ခင်ကြည်ကို ရည်စူး၍ ထူထောင်ထားခြင်းဖြစ်သည်။

သို့သော် ထိုသို့ မြေရယူမှုများကို နိုင်ငံရေးရာထူးဖြင့် အဂတိမကင်းလုပ်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ထောင် ၁၅ နှစ်ထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြေ ၁၀၁ ဧက၊ ၂၉ ဧက နှစ်မှုခွဲ၍ အမှုဖွင့်ထားသည်။

ယနေ့ရုံးချိန်းတွင် စစ်ကောင်စီ၏ သက်သေ နေပြည်တော်ကောင်စီအတွင်းဝန် ဦးမျိုးအောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စစ်မေးခဲ့ကြပြီး စစ်ကောင်စီ၏ စွပ်စွဲချက်မှားယွင်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က သက်သေပြနိုင်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“(စစ်ကောင်စီသက်သေ ဦးမျိုးအောင်) သူကလည်း လုပ်ထုံးလုပ်နည်းအရ မှန်တယ်ဆိုတဲ့အကြောင်း၊ သူတို့ကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်တယ်ဆိုတဲ့အကြောင်း ပေါ်အောင် စစ်နိုင်ခဲ့တယ်။ ဒီအမှုက စွဲဆိုထားကတည်းက ဥပဒေနဲ့ မညီဘူးဆိုတာ ထောက်ပြဖို့ စစ်နိုင်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

ထိုအမှုနှစ်ခုတွင် စစ်တပ်က ဖမ်းဆီးဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် အစိုးရအဖွဲ့အကြီးအကဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD ပါတီမှ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း အမှုဖွင့်ထားသည်။

လာမည့် ဒီဇင်ဘာ ၃ ရက်ရုံးချိန်းတွင်မူ အထက်ပါ နှစ်မှုအပြင် လရောင်တောစီမံကိန်းအတွင်း ဆောက်လုပ်ထားသော အဆောက်အအုံကိစ္စဖြင့် စွပ်စွဲထားသည့် အဂတိတစ်မှုကိုပါ ရပ်နားထားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းကို အခြေခံ၍ အထက်ပါအမှုများကဲ့သို့ပင် အဂတိပုဒ်မဖြင့် ဖွင့်လှစ်ထားသည့် အမှုကို စစ်ဆေးမည်ဟု တရားသူကြီး ဦးမြင့်စန်းက စီစဉ်ထားကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ဦးဖြိုးမင်းသိန်းက ပေးခဲ့ရပါသည်ဆိုသော ရွှေနှင့် ငွေများနှင့် နေ့ရက်အတိအကျကိုပင် သက်သေအဖြစ် တင်သွင်းနိုင်ခြင်းမရှိသည့် ထိုအမှုကို စစ်ဆေးမည့် ဒီဇင်ဘာ ၃ တွင် စစ်ကောင်စီက ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိနေသည့် အိမ်အကူ ဒေါ်ဝေဝေသန်း သက်သေထွက်ခွင့်ရမရ အတည်မပြုနိုင်သေးပေ။

နိုဝင်ဘာ ၁၉ ရုံးချိန်းတွင် ဒေါ်ဝေဝေသန်းကို သက်သေအဖြစ် စစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က စီစဉ်ထားသော်လည်း တရားသူကြီးက ရွှေ့ဆိုင်းထားသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကို အမှုအကြောင်း သတင်းဌာနများသို့ ပြောကြားခြင်း မပြုရန် တားမြစ် ပိတ်ပင်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button