အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘူးသီးတောင်မှ ရိုဟင်ဂျာများ ခရီးသွားခွင့် ပိုမိုကန့်သတ်ခံလာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာများ နယ်ကျော်သွားလာလျှင် ခရီးသွားလာခွင့်ထောက်ခံချက် ယူရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ယမန်နေ့ (နိုဝင်ဘာ ၂၅ ) တွင် အမိန့်ထုတ်ပြန်လိုက်သည်။

မွတ်စလင်တချို့သည် ခွင့်ပြုချက်မရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ကျော်လွန်၍ ခရီးသွားလာနေခြင်း၊ သွားလာရာတွင် ပုံစံ ၄ ဟု ခေါ်ကြသော အဆိုပါထောက်ခံချက် ယူဆောင်ရန် ပျက်ကွက်နေခြင်းတို့သည် မြို့နယ်၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သည်ဟု အမိန့်စာတွင် ဖော်ပြထားသည်။

ခွင့်ပြုချက်မယူဘဲ သွားလာလျှင် တည်ဆဲဥပဒေများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ တို့အရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ပြီး ယင်းအမိန့်သည် ၂ လပြည့်မြောက်သည်အထိ အတည်ဖြစ်သည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားသည်။

ခွင့်ပြုချက်ရလျှင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့ကိုသာ သွားလာနိုင်မည် ဖြစ်သည်။

ယခင်က မြို့နယ်ပြင်ပသို့ သွားလာလိုပါက ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်နှင့် လုံလောက်သော်လည်း ကန့်သတ်ချက်အသစ်ကြောင့် ဒေသခံတို့အတွက် အဆင်မပြေကြောင်း မွတ်စလင်များက ပြောဆိုသည်။

ဆေးဝါးကုသရန်အတွက် မောင်တောမြို့သို့ သွားရောက်မည်ဆိုလျှင် ပုံစံ ၄ ရရှိရန်အတွက် စောင့်ဆိုင်းရမည်ဖြစ်သောကြောင့် အချိန်ကြန့်ကြာကြောင်း၊ စီးပွားရေးလုပ်ငန်းများလုပ်လျှင်လည်း ထိုကန့်သတ်ချက်ကြောင့် အခက်အခဲရှိကြောင်း ပြောဆိုကြသည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး (လဝက) ထံမှ ရရှိမည့် ခရီးသွားလာခွင့်သက်တမ်းမှာ ၇ ရက်သာ ရှိသည်ဟု ဘူးသီးတောင်မြို့နယ်တွင် နေထိုင်သူ ရိုဟင်ဂျာတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ပုံစံ ၄ မပါရင် သွားခွင့်မပြုတော့ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာတစ်ခု ယူပြီးတော့ လဝကရုံးကို သွားပြီးတော့ ပုံစံ ၄ ထုတ်ရတာ။ ၇ ရက်စာအတွက် ထုတ်ပေးတာ” ဟု ဆိုသည်။

“ဒီအစီအစဉ်ကို သဘောမတူဘူး။ ဒါ ခွဲခြားဆက်ဆံတာပဲ။ တခြားလူမျိုးတွေမှာကျတော့ (ပုံစံ ၄) ယူစရာ မလိုဘူး။ ကျွန်တော်တို့လူမျိုးတစ်မျိုးတည်းပဲ ယူရမယ်ပြောတာက နှိပ်စက်တာနဲ့ အတူတူပဲ” 

ခရီးသွားလာခွင့်ထောက်ခံချက်ကို ရယူရာတွင်လည်း လဝကဝန်ထမ်းများကို ပေးကမ်းရသည်ဟု ဒေသခံတို့က ပြောကြသည်။

“ပိုက်ဆံမပေးနိုင်ရင် နှစ်ရက်သုံးရက်လောက် စောင့်ရတယ်။ ရက်ချင်းယူမယ်ဆိုရင်တော့ ငါးထောင်၊ တစ်သောင်းလောက် ပေးရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ​တစ်ဦးက ပြောသည်။

ပိုက်ဆံပေးရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး မြို့နယ်လဝကရုံး တာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် မရသေးပေ။

အဆိုပါ ကန့်သတ်ချက်နှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဦးကို ဆက်သွယ်ရာတွင် ဝန်ထမ်းတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးလုပ်နေသည်ဟုသာ အကြောင်းပြန်ခဲ့သည်။

အိမ်နီးချင်းမြို့ဖြစ်သော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်လျက်တည်ရှိသော မောင်တောမြို့နယ်တွင် ထိုသို့ ခရီးသွားလာမှုကန့်သတ်ထားခြင်း ရှိမရှိ မသိရသေးပေ။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ထိုကဲ့သို့ ထုတ်ပြန်ထားခြင်း မရှိဟု သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button