အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အကန့်အသတ်ဖြင့် ပြန်ဖွင့်မည်

ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် တရုတ်ဘက်က တစ်ဖက်သတ်ပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို ရက်ပိုင်းအတွင်း အကန့်အသတ်ဖြင့် ပြန်ဖွင့်မည်ဟု သိရကြောင်း မူဆယ်အခြေစိုက် ကုန်သည်နှစ်ဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးဖြစ်သော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဂိတ် ၅ ခုအနက် ဇူလိုင် ၈ မှစ၍ လုပ်ငန်းရပ်နားထားရသည့် ကျင်းစန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၆ တွင် စမ်းသပ်ဖွင့်လှစ်မည်ဖြစ်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က Myanmar Now ကို ပြောသည်။

“ကိုဗစ်စည်းကမ်းနဲ့ဆိုင်တဲ့ ရှန်တိန်ယာဉ်မောင်းစနစ်၊ ပိုးသတ်ဆေးဖျန်းတဲ့စနစ် အဲ့ဒါမျိုးတွေတော့ရှိတယ်။ အဲ့ဒါကလည်း စတဲ့အချိန်မှသိမယ်။ ဘယ်လိုစနစ်နဲ့သွားတယ်ဆိုတာ။ စမ်းသပ်ကာလမှာ မူဆယ်မှာ ကျန်ရှိနေတဲ့ ဂိတ်ပိတ်လို့ ကျန်နေတဲ့ ကုန်ပစ္စည်းတွေ ပဲ၊ ပြောင်း၊ ဆန် အဲ့ဒါတွေပဲရဦးမယ်” ဟု ၎င်းက ဆိုသည်။

နယ်စပ်ပိတ်ထားချိန် ပဲမျိုးစုံ၊ ပြောင်းနှင့် ဆန် စသည့်ကုန်တင်တွဲကားအစီးရေ ၂,၀၀၀ ကျော် မူဆယ်ဘက်တွင် သောင်တင်နေပြီး စမ်းသပ်ကာလအတွင်း မြန်မာဘက်မှ ခေါက်တိုကွန်တိန်နာကား ၅ စီး၊ တရုတ်ဘက်မှ ၅ စီးဖြင့် ကျင်းစန်းကျော့ကွင်းမှတစ်ဆင့် ကုန်များသယ်ယူတင်ပို့ရမည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါနယ်စပ်ဂိတ်ပေါက် ဖွင့်လှစ်ရန် ယမန်နေ့က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် စီးပွားကူးသန်းဝန်ကြီးဌာနတာဝန်ရှိသူ၊ ကုန်သည်များနှင့် ကုန်တင်ယာဉ်မောင်းများ အစည်းအဝေးပြုလုပ်ခဲ့ပြီး စမ်းသပ်ကုန်သွယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

“ဒီဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ အလုပ်တွေပြန် Run (လည်ပတ်) လို့ရပြီ။ နောက်တစ်ခုက ကျွန်တော်တို့ကို မှီခိုနေရတဲ့အလုပ်သမားတွေ အလုပ်အကိုင်တွေ အဆင်ပြေလာမယ်။ ကုန်စည်ပို့ဆောင်ရေးကား ၊ ယာဉ်မောင်းတွေ ကုန်တင်ပြီးတော့ ကုန်သွယ်မှုယန္တရားအတွက် လှုပ်ရှားလို့ရမယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၆ တွင် ပို့ကုန်အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲနှင့် ပြောင်းကို တင်ပို့မည်ဖြစ်ပြီး စမ်းသပ်ကာလအတွင်း အခြေအနေကို ပြန်သုံးသပ်၍ ကွန်တိန်နာအလုံးရေ တိုးမြှင့်တင်ပို့နိုင်ရန် မျှော်လင့်ကြောင်း ဦးမင်းသိန်းက ဆိုသည်။

ကုန်စည်များကို ကွန်တိန်နာအတွင်း လွှဲပြောင်းတင်ပို့ခြင်းကို ရွှေလွယ်အင်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားပြီး ကုန်လွှဲပြောင်းခနှင့် ကွန်တိန်နာဝန်ဆောင်ခများရှိလာသောကြောင့် ပုံမှန်အားဖြင့် ဆန်တစ်အိတ်လျှင် ၈၀၀ ကျပ်သာ ရှိရာမှ ၁,၆၀၀ ကျပ်အထိ သယ်ယူစရိတ်တက်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကျင်းစန်းကျော့ဂိတ်ကို စမ်းသပ်ဖွင့်လှစ်မည်ဖြစ်သော်လည်း ၂၀၂၀ ဧပြီကတည်းက ကန့်သတ်ပိတ်ပင်ခဲ့သည့် မူဆယ် ၁၀၅ မိုင်ရှိ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ မန်းဝိန်နှင့် ပန်ဆိုင်-ဝမ်တိန် ဂိတ်တို့ ပြန်ဖွင့်မည့်အချိန်ကိုမူ အတိအကျမသိရသေးပေ။

ကပ်ရောဂါတားဆီထိန်းချုပ်ရေး ဆေးနှင့် ဆေးပစ္စည်းများမှလွဲ၍ ကုန်သွယ်မှုပိတ်ပင်ထားသည့် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်ကို ပို့ကုန်များတင်ပို့ရန် ပြီးခဲ့သည့် အောက်တိုဘာလကုန်က ပြန်လည်ခွင့်ပြုခဲ့သည်။

နယ်စပ်ဂိတ်များ ပိတ်ထားသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးအခက်အခဲဖြစ်လာသဖြင့် ဂိတ်ပုံမှန်ပြန်ဖွင့်ရန်၊ အထူးသဖြင့် မူဆယ်ဂိတ်များပြန်ဖွင့်ပေးရန် စက်တင်ဘာတွင်ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံအစည်းအဝေးတွင် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်အစိုးရထံ တောင်းဆိုခဲ့သည်။ 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ အဓိကတင်ပို့ရောင်းချနေပြီး ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Related Articles

Back to top button