တိုက်ပွဲဆက်နေသည့် ကယား ခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်များတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃) က တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီရွာတွင် နှစ်ကြိမ်၊ ဒီးမော့ဆိုရဲစခန်းအနီးနှင့် လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက်တွင် တစ်ကြိမ်စီ တိုက်ပွဲဖြစ်ပွားရာတွင် စစ်တပ်ဘက်မှ ၅ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရပြီး KNDF ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲများကို ကရင်နီတပ်မတော်(KA) နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နေ့ နံနက်အစောပိုင်း ဒေါပိုးစီရွာအနီး ချုံခိုတိုက်ခိုက်မှုတွင် စစ်သား၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားသည်ဟု KNDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
ထို့နောက် မွန်းလွဲ ၃ နာရီခွဲခန့်တွင်လည်း တိုက်ပွဲထပ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒေါပိုးစီးအကျော် ဒီးမော့ဆိုမရောက်ခင် ဖန်ခါးကုန်းကျောင်းမှာ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်၊ အဲဒီမှာလည်း စစ်ကောင်စီက တစ်ယောက်ကျတယ်” ဟု ထိုပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ညနေ ၅ နာရီခန့် မြို့နယ်ရဲစခန်းအနီးတွင် တိုက်ပွဲထပ်ဖြစ်ရာ စစ်သား ၂ ဦး လက်နက်ကြီး (အာပီဂျီ) ထိမှန်သေဆုံးခဲ့ပြီး KNDF တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာတစ်ခုရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လွိုင်ကော်မြို့နယ် ပန်ကန်းရွာရှိ ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားသော စစ်တပ်ကို ကရင်နီပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သည့်အတွက် စစ်သားတစ်ဦး သေဆုံးခဲ့သည်။
ယမန်နေ့က တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့သည့် ဒီးမော့ဆိုမြို့နယ်သည် အဓိက စစ်မြေပြင်ဖြစ်နေပြီး ဒေသခံအများအပြားကမူ နီးစပ်ရာ ကျေးရွာများနှင့် အခြားမြို့နယ်များသို့ တိမ်းရှောင်နေကြရသည်။
“အဓိက,က ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ သူတို့(စစ်ရှောင်) တွေလည်း အလုံးစုံပြန်မလာသေးတဲ့အတွက် တိုက်ပွဲဖြစ်တဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ မနေ့ကနဲ့ ဒီနေ့အနေအထားပေါ့လေ” ဟု KNDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်း မရှိပေ။
စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အဓိကတောင်ကုန်းများတွင် လက်နက်ကြီးများတင်ကာ နယ်မြေစိုးမိုးမှုယူထားသည်ဟု KNDF အဖွဲ့က Myanmar Now ကို ပြောဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် ဧပြီလအတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ဒီးမော့ဆိုမြို့နယ်မှ ပြည်သူများကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းသည့်အတွက် ဆန္ဒပြသူများက တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့ကြပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့ အရှိန်မြင့်တက်လာသလို နယ်မြေစိုးမိုးမှုအားအကောင်းဆုံးတပ်ဖွဲ့များတွင် ကရင်နီတော်လှန်ရေးအဖွဲ့များက ရှေ့ဆုံးမှ ဦးဆောင်နေသည်။
ကရင်နီဒေသအတွင်း စစ်ကောင်စီက နယ်မြေခံတပ်များအပြင် တပ်မ ၆၆ ကို အဓိကထားကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှတစ်ဆင့် ဝင်ရောက်လာသည့် တပ်မ ၆၆ ၏ စစ်ယာဉ်တန်းကို ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့နယ် ကုန်းသာရွာအနီးတို့တွင် ကရင်နီပူးပေါင်းတပ်များ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)