သတင်း

စစ်ကောင်စီကို အင်တာပိုညီလာခံ ဖိတ်ကြားမှု ပြန်သုံးသပ်ရန် NUG တောင်းဆို

အင်တာပိုခေါ် နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့၏ ၈၉ ကြိမ်မြောက် ညီလာခံတွင် မြန်မာစစ်ကောင်စီအား ဖိတ်ကြားထားခြင်းကို ပြန်သုံးသပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုသည်။

နိုဝင်ဘာ ၂၃ မှ ၂၅ အထိ တူရကီနိုင်ငံက လက်ခံကျင်းပမည့် အင်တာပိုညီလာခံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စွပ်စွဲခံထားရသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်တက်ရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ အင်တာပိုညီလာခံကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို အတည်ပြုသည်။

အင်တာပို၏ အဓိက ဦးတည်လုပ်ငန်းစဉ်သုံးခုတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးလည်းပါဝင်ရာ အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်နေခြင်းကို အင်တာပိုအနေဖြင့် သတိထားသင့်သည်ဟု NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

“အင်တာပိုရဲ့ အခြေခံဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (၁) မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ သဘောထားတွေကို အခြေခံတယ်လို့ ပြောထားတဲ့အတွက် စစ်ကောင်စီကိုယ်စားလှယ်ကို လက်ခံခြင်းက လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် ဘယ်လိုဖြစ်နေမလဲဆိုတာ ပြန်သုံးသပ်သင့်ပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

“အင်တာပိုက နိုင်ငံရေးအားဖြင့် ဘက်မလိုက်ဘူးလို့ ဆိုထားတဲ့အတွက် စစ်ကောင်စီကို လက်ခံခြင်းက နိုင်ငံရေးအရ မှန်ကန်မှုရှိရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်” ဟုလည်း ဦးမိုးဇော်ဦးက ထပ်လောင်း ပြောကြားသည်။

ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ဒဏ်ခတ်အရေးယူထားသည့် စစ်ခေါင်းဆောင်များထဲတွင် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် လူပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခြင်းများတွင် အဓိက ဦးစီးဆောင်ရွက်သူဖြစ်သည့် ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်လည်း ပါဝင်သည်။

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် ပတ်သက်၍ “ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းရေးအတွက် ဆုံးဖြတ်ချက်ရာတွင် တိုက်ရိုက်တာဝန်ရှိသူဖြစ်ကာ မြန်မာနိုင်ငံရှိ အရေးကြီးလူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသည်” ဟု ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။​

“တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် ဆောင်ရွက်ချက်များ အပါအဝင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီလျော့ပါးစေမှုများတွင် မူဝါဒပေးခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းများတွင် သန်းလှိုင်ပါဝင်ပတ်သက်သည်” ဟု ဥရောပသမဂ္ဂက ဆိုသည်။

နိုင်ငံတကာဥပဒေချိုးဖောက်မှုများ ရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက စွပ်စွဲထားသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် အကြီးအကျယ်ထိုးစစ်ဆင်ရာတွင် အဓိကစီစဉ်ကွပ်ကဲနေသူမှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဖြစ်သည်။

အင်တာပိုမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လုပ်ငန်းလည်ပတ်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာလည်း ပြင်သစ်နိုင်ငံ၌ တည်ရှိကာ လက်ရှိအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Jurgen Stock မှာ ဂျာမန်လူမျိုးဖြစ်သည်။

အင်တာပိုညီလာခံတွင် စစ်ကောင်စီကိုယ်စားပြုသူတက်ရောက်မည့်အရေးနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း ရှိမရှိ အင်တာပိုအထွေထွေအတွင်းရေးမှူးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

အင်တာပိုညီလာခံကို လက်ခံကျင်းပမည့် တူရကီနိုင်ငံ၏ အင်တာပိုဌာနမှ ရဲအရာရှိတစ်ဦးက သန်းလှိုင် ပါဝင်တက်ရောက်မည့်အ‌ပေါ် အတည်ပြုခြင်း၊ ငြင်းဆန်ခြင်း မပြုဘဲ ဆက်သွယ်မေးမြန်းသည့်အချက်များမှာ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သော အချက်အလက်ဖြစ်သည်ဟုသာ တုံ့ပြန်သည်။

အင်တာပိုအနေဖြင့် မြန်မာစစ်တပ်ကို အသိအမှတ်ပြုခြင်း ရှိမရှိ ဆက်လက်မေးမြန်းရာတွင် “မြန်မာက အဖွဲ့ဝင်နိုင်ငံတစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံရေးအရတော့ ကျွန်တော်မသိဘူး” ဟု အဆိုပါရဲအရာရှိက တုံ့ပြန်သည်။

ဖွဲ့စည်းပုံအရ မြန်မာရဲတပ်ဖွဲ့အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ မြန်မာနိုင်ငံ၏ အင်တာပိုဌာနအကြီးအကဲလည်းဖြစ်သည်။ အင်တာပိုအနေဖြင့် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်းနှင့် ညီလာခံတွင် မြန်မာစစ်ကောင်စီကိုယ်စားပြုသူ တက်ရောက်ခွင့်ပြုသည်ဆိုသော အထောက်အထားကိုမူ မတွေ့ရှိရပေ။

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံရှိသည့် အင်တာပိုသည် နိုင်ငံတကာရဲလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင် ရွက်သည့်အဖွဲ့အစည်းဖြစ်ပြီး အင်တာပို၏ လုပ်ငန်းစဉ်များတွင် ကမ္ဘာလုံးဆိုင်ရာ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များအတွက် အချက်အလက်မျှဝေခြင်း၊ နည်းပညာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အထောက်အကူပေးခြင်းများ ပါဝင်သည်။

အင်တာပိုအဖွဲ့ဝင်ဖြစ်သည့်အတွက် မြန်မာစစ်တပ်အနေဖြင့် မှုခင်းဆေးပညာဆိုင်ရာ အချက်အလက်၊ ခရီးသွားလာခြင်း၊ အကြမ်းဖက်သမားများနှင့်ဆိုင်သည့် စာရွာစာတမ်းများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အင်တာပို၏ အချက်အလက်စင်တာ ၁၄ ခုကို ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button