သတင်း

ရခိုင်ဒေသ အပစ်ဆက်ရပ်စေရေး ဂျပန်သံတမန် ကြိုးစားမည်

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ဆက်လက် အပစ်ရပ်ထားကြရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ငြိမ်းချမ်းရေးသံတမန် မစ္စတာဆာဆာကာဝါက ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် ပြောသည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“အခုလက်ရှိ ငြိမ်းချမ်းနေတဲ့အနေအထားကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားနိုင်ဖို့ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ် လုံးဝမလုပ်ဖို့အတွက်ကို တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်ဆောင်ရွက်သွားမဲ့အကြောင်း၊ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ် လုံးဝမပြုလုပ်ဖို့အကြောင်းကို အောက်ခြေတပ်သားအထိ ညွှန်ကြားထားဖို့အကြောင်းကို ပြောကြားထားပြီးဖြစ်ပါတယ်။ နှစ်ဖက်ထိတွေ့မှုတွေ လုံးဝမဖြစ်အောင် ဆက်ပြီး ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ် ”ဟု မစ္စတာဆာဆာကာဝါက ဆိုသည်။

၎င်းသည် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် စစ်တပ်နှင့် AA ကြား တိုက်ပွဲများရပ်တန့်ရန် ကြားဝင်ညှိနှိုင်းပေးခဲ့သူလည်းဖြစ်သည်။

မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာ ၁၂ တွင် AA ခေါင်းဆောင်များနှင့် အွန်လိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်တစ်နေ့တွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသည်။ 

ယမန်နေ့က စစ်တွေသို့ လာရောက်စဉ် အပစ်အခတ်ရပ်စဲခြင်း တစ်နှစ်ပြည့်ချိန်တွင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရန်အတွက် ပထမအဆင့်အနေဖြင့် အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ပြောခဲ့သည်။

“ရှေ့ဆက်ပြီးတော့လည်း အပစ်အခတ်ရပ်စဲရေးဟာ ကြာရှည်စွာတည်တံ့ခိုင်မြဲလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေအားလုံး မျှော်လင့်နေကြတဲ့အတိုင်းပဲ အနာဂတ်မှာ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီးတော့မှ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကိုလည်း ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်”ဟု မစ္စတာဆာဆာကာဝါက ပြောခဲ့သည်။

ယမန်နေ့ရခိုင်ခရီးစဉ်အတွင်း စစ်တွေမြို့ရှိ သက္ကယ်ပြင်နှင့် အလိုတော်ပြည့်စစ်ဘေးရှောင်စခန်းများသို့ သွားရောက်လေ့လာခဲ့သည့် ဂျပန်အထူးကိုယ်စားလှယ်က ဒုက္ခသည်တို့သည် အလွန်ဆိုးရွားသည့် ပတ်ဝန်းကျင်အခြေအနေတွင် နေထိုင်လျက်ရှိသည်ကို တွေ့ရကြောင်း ပြောဆိုခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် ရှုပ်ထွေးသည့်အခြေအနေတွင် ရှိနေသောကြောင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး အခက်အခဲကို မည်သို့ကျော်ဖြတ်နိုင်မည်ကို လေ့လာလိုသည်၊ NLD ခေါင်းဆောင်များ၊ ရှစ်လေးလုံးလှုပ်ရှားမှု ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဟုလည်း မစ္စတာဆာဆာကာဝါက မီဒီယာများကို ပြောခဲ့သည်။

NLD ခေါင်းဆောင်များ အားလုံးလိုလိုကို အာဏာသိမ်းစစ်ကောင်စီက ထောင်ထဲ ထည့်ထားရာ အထူးသံတမန်က NLD မှ မည်သူနှင့် တွေ့မည်ကို မကြေညာသေးပေ။ 

ရခိုင်အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က သံတမန်နှင့် ၎င်းတို့ပါတီ တွေ့ဆုံခဲ့သည်ဟု ပြောသည်။

“အဓိကကတော့ ၂၀၂၀ ၊ နိုဝင်ဘာလကပင် မစ္စတာဆာဆာကာဝါလာပြီးတော့ နှစ်ဖက်ကို ညှိနှိုင်းပေးခဲ့လို့ တစ်နှစ်ကြာအောင်အထိ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဟာ တည်တံ့ခဲ့တယ်၊ အဲဒါကြောင့် စစ်ဘေးစစ်ဒဏ်ကို အဓိကခံစားရတဲ့ ရခိုင်ပြည်နယ်အနေနဲ့ တိုက်ပွဲတွေထပ်ဖြစ်လာရင် အပြစ်မဲ့ပြည်သူတွေပဲခံစားရမှာကို AA ခေါင်းဆောင်တွေနဲ့ တပ်မတော်တာဝန်ရှိလူတွေ နားလည်သဘောပေါက်နေကြတယ်လို့ ယုံကြည်ပါတယ် ”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က အထူးသံတမန် ရခိုင်ရောက်ရှိခဲ့ပြီး AA က စစ်သုံ့ပန်း ၁၅ ဦးကို ပြန်လွှတ်ပေးမှု ဖြစ်ပေါ်လာသည်။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ဒီဇင်ဘာအစောပိုင်းမှစ၍ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလတွင် ရုတ်တရက် အပစ်ရပ်လိုက်ကြသည်။ 

သို့သော်လည်း ယခုနှစ် နိုဝင်ဘာ ၉ တွင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ဘက်က ပြောဆိုခဲ့သည်။ 

စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ မောင်တောမြို့နယ်တွင် AA နှင့် တိုက်ပွဲမဖြစ်ခဲ့ကြောင်း သတင်းဌာနတချို့ကို ပြောခဲ့သည်။

အနယ်နယ်အရပ်ရပ်ရှိ PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နေရချိန်တွင် စစ်ကောင်စီတပ်သည် AA ကဲ့သို့ လက်နက်ကိုင်စစ်သည် ထောင်ပေါင်းများစွာရှိသော၊ နယ်မြေကျွမ်းကျင်သော၊ လှုပ်ရှားနယ်မြေတိုင်းတွင် လူထုထောက်ခံမှုအားကောင်းသော လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ဖွယ်မရှိဟု လေ့လာသူအများအပြားက ယူဆနေကြသည်။

မြို့ပြဒေသအများအပြားတွင် လက်နက်ကိုင်အန်တုမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် စစ်မှုထမ်းဟောင်းများကိုပါ ပြန်လည်ခေါ်ယူ တာဝန်ပေးထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button