အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုသိမ် – ချောင်းသာကားလမ်းပေါ် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၅) မွန်းလွဲပိုင်းက စစ်ကောင်စီယာဉ်တန်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသော်လည်း ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပေ။ 

ချောင်းသာဘက်မှ ပုသိမ်ကို ပြန်လာသည့် ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ယနေ့ မွန်းလွဲ ၂ နာရီကျော်၌ ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာလမ်း၊ ခြောက်ကောင်ကျေးရွာအနီးတွင် တောင်ပေါ်မှနေ၍ အဖွဲ့တစ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။  

“ယာဉ်တန်းက ချောင်းသာကို ဆင်းတယ်။ အပြန်မှာ တောင်သာယာ(ဘုန်းကြီးကျောင်း) ဟိုဘက်မှာ ပစ်ခတ်မှုဖြစ်တယ်။ ကားတစ်စီးတော့ အတော်ထိသွားတယ်။ အသေအပျောက်တော့ မကြားရဘူး။ အခု သလပ်ခွာရဲကင်းက ရဲတွေက ဆိုင်ကယ်တွေနဲ့၊ ရဲကားတစ်စီးနဲ့ ဒေသခံတွေနဲ့ တောင်သာယာကုန်းပေါ်ကို တက်သွားတယ်။ အခု စစ်တပ်လည်း ခေါ်ထားတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံနောက်တစ်ဦးကလည်း “ပစ်ခတ်မှုဖြစ်ဖြစ်ချင်း ယာဉ်တန်းမှာပါတဲ့ ရဲကားတစ်စီးက တောင်ပေါ်ကို မောင်းတက်သွားတယ်။ နောက် မိနစ် ၂၀ အကြာမှာ သလပ်ခွာစခန်းက ဆိုင်ကယ်နဲ့ ရဲတွေ ရောက်လာတယ်၊ ညနေ ၄ နာရီမှာ ရဲကားအကြီးတစ်စီး ထပ်လိုက်လာတယ်။ အခု ကားလမ်းပေါ်မှာ သလပ်ခွာစခန်းက ရဲနဲ့ စစ်သားတချို့ လုံခြုံရေးယူထားတယ်လို့ သိရတယ်။ ပြောက်ကျားတွေနောက်ကို လိုက်သွားတာ အင်အား၂၀ လောက်ရှိမယ်” ဟု ပြောသည်။

စစ်ကောင်စီယာဉ်တန်းကို မည်သည့်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ကို အသေးစိတ်မသိရပေ။ 

တိုက်ခိုက်ခံရသည့်ယာဉ်တန်းမှာ ယမန်နေ့က ချောင်းသာကမ်းခြေဘက်သို့ ဆင်းသွားခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် သုံးရက်ကတည်းက ပုသိမ်-ချောင်းသာလမ်းပေါ်တွင် လုံခြုံရေးများ ချထားကြောင်း ဒေသခံများထံမှ သိရသည်။ 

မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ထိုသို့ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့ ညနေဘက်တွင် ပုသိမ်မြို့မှ စစ်ကား အစီး ၃၀ ခန့်ဝန်းကျင် ချောင်းသာဘက်သို့ ထွက်သွားကြောင်း သိရသည်။ 

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့သည် နေရာအနီးဝန်းကျင်ကို ပြီးခဲ့သည့် အောက်တိုဘာအတွင်းကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိနိုင်မည်ဟု ယူဆကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောနင်းရှာ‌ဖွေမှုများ ပြုလုပ်ခဲ့သေးသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button