သတင်း

လပွတ္တာမြို့ စစ်ကြောရေးတွင် သေဆုံးခဲ့သည့်လူငယ် အလောင်းပြန်မရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဆပ်ချောင်းကျေးရွာအုပ်စုတွင် ဗုံးဖောက်ခွဲမှုသံသယဖြင့် နိုဝင်ဘာ ၁၂ က အဖမ်းခံရသည့် လူငယ်တစ်ဦး စစ်ကြောရေး၌ သေဆုံးသွားရာ အလောင်းပင် ပြန်မရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ညပိုင်းတွင် လပွတ္တာမြို့လျှပ်စစ်ရုံး လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၁၂ ၌ ကျောက်ဖြူကျေးရွာ မူလတန်း(လွန်) ကျောင်းတွင် လက်လုပ်ဗုံးတွေ့ပြီးနောက် ဆပ်ချောင်းကျေးရွာအုပ်စု၊ နတ်ချောင်( သကြားဘုရားကုန်း) အသက် ၂၃ နှစ်အရွယ် ကိုကျော်သူဝင်းဆိုသူ လူငယ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒေသခံ ၉ ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်းတချို့နှင့် ကျောက်ဖြူကျေးရွာ မူလတန်း(လွန်)‌ ကျောင်းမှ ဆရာမတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ကိုကျော်သူဝင်းလည်း ပါဝင်ခဲ့ပြီး စစ်ကြောရေး၌ သေဆုံးသွားခြင်းဖြစ်သည်။ 

“၁၂ ရက်နေ့က လာဖမ်းသွားတယ်၊ စစ်ကြောရေးမှာ ဆုံးသွားတယ်။ မီး​​သင်္ဂြိုဟ်လိုက်ပြီလို့ ဒီနေ့ (နိုဝင်ဘာ ၁၄) ညနေ ၄ နာရီမှာ မိသားစုကို လာအကြောင်းကြားတယ်လို့ သိရတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလောင်းပင် ပြန်မရခဲ့သည့် ကိုကျော်သူဝင်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဖခင်ဖြစ်သူ၏ အခြေအနေကိုလည်း မိသားစုက စုံစမ်းမရသေးပေ။ 

လျှပ်စစ်ရုံးဖောက်ခွဲမှုကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် လပွတ္တာ STF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းအတွင်း ဗုံးဖြင့် သတိပေးမှုကို အခြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် လပွတ္တာ Genius of Revolution အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့များတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ 

“ကျောင်းထဲမှာ ဗုံးထောင်တာပါ။ တကယ်ဖောက်ခွဲဖို့ မဟုတ်ဘဲ Non CDM ဆရာမများနဲ့ ကျောင်းသားမိဘတွေကို ကျွန်ပညာရေးကို အားမပေးဘဲ သတိရှိကြဖို့ သတိပေးရုံသက်သက်ပါ” ဟု လပွတ္တာ Genius of Revolution အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကြောရေးတွင် သေဆုံးသွားသည့် ကိုကျော်သူဝင်းမှာလည်း ၎င်းတို့အဖွဲ့များနှင့် မသက်ဆိုင်သည့် သာမန်ပြည်သူတစ်ဦးသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စစ်ကြောရေးမှာ သေဆုံးသွားတဲ့ကောင်လေးက အရင်တုန်းက ဆန္ဒပြပွဲတွေမှာတောင် မပါဘူး။ ရိုးရိုး သာမန်လူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့စုံစမ်းရသလောက် သေဆုံးသွားတဲ့လူက သဲဖြူရွာအသွားမှာ စစ်တပ်နဲ့ သွားတွေ့တယ်။ သူက Mask (နှာခေါင်းစည်း) အမည်းတပ်ထားလို့ မသင်္ကာဘူးဆိုပြီး ဖမ်းသွားတာ။ ညတွင်းချင်း စစ်ကြောရေးမှာ ရိုက်စစ်တယ်။ မိသားစုဝင်တွေက ​​သင်္ဂြိုဟ်ပြီးမှ သိတယ်” ဟု ထိုအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ 

ဆက်လက်၍ “သေဆုံးသွားတဲ့လူဟာ ကျွန်တော်တို့အဖွဲ့နဲ့ မသက်ဆိုင်ဘူး၊ ဘယ်အဖွဲ့နဲ့မှလည်း မသက်ဆိုင်ဘူးဆိုတာ သိစေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

အစပိုင်းတွင် မြို့ပြပြောက်ကျားလှုပ်ရှားမှု နည်းပါးသည့် ဧရာဝတီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တော်လှန်စစ်ကြေညာပြီးနောက် စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်တော်လှန်မှုများ အရှိန်မြင့်တက်လာသည်။ 

ပြောက်ကျားတိုက်ခိုက်တော်လှန်မှု အရှိန်မြင့်တက်လာသလို စစ်ကောင်စီအနေဖြင့် ဖိနှိပ်ဖမ်းဆီးမှုများလည်း ပိုမိုပြုလုပ်လာနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Related Articles

Back to top button