လက်နက်သယ်ဆောင်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနေ ၃၉ နှစ်အရွယ် သုံးဘီးအငှားယာဉ်မောင်း ဦးကျော်ဆန်းဦး စစ်တပ်က ဒုတိယအကြိမ် စစ်ကြောမေးမြန်းသည့် နေ့တွင် သေဆုံးသွားသည်။
အောက်တိုဘာ ၁၅ တွင် ဖမ်းခံရသည့် ဦးကျော်ဆန်းဦးသည် နေပြည်တော်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ၁၃ ရက်ကြာ နေထိုင်ခဲ့ရပြီးနောက် ထုံးဘိုရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ခံခဲ့ရသည်။
နိုဝင်ဘာ ၁၁ ညနေပိုင်းတွင် စစ်တပ်က ထိုနေရာမှ ခေါ်ထုတ်သွားကြောင်း၊ နောက်တစ်ရက် (နိုဝင်ဘာ ၁၂) နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဟု မိသားစုကို ရဲက အသိပေးခဲ့သည်ဟု သိရကြောင်း မိသားစုနှင့် ရင်းနှီးသူက Myanmar Now ကို ပြောသည်။
နိုဝင်ဘာ ၁၁ နံနက်ပိုင်း ထုံးဘိုရဲစခန်းသို့ ဇနီးဖြစ်သူ သွားရောက်စဉ် ဦးကျော်ဆန်းဦးမှာ လန်းလန်းဆန်းဆန်းရှိနေသည်ကို တွေ့ခဲ့ရကြောင်း၊ နောက်နေ့တွင် ပုဒ်မတစ်ခုခုဖြင့် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် စတင်အမှုရင်ဆိုင်ရမည်ကို သိရှိထားသော်လည်း အဆိုးဆုံးအခြေအနေများကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့် အကောင်းမြင်ကာ ပျော်ရွှင်နေသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
သို့သော် နိုဝင်ဘာ ၁၂ တွင် ထုံးဘိုရဲစခန်းက မိသားစုကို ခေါ်၍ ဦးကျော်ဆန်းဦး ကွယ်လွန်သွားပြီဟု အသိပေးကြောင်း၊ အသည်းတွင် ရေအိတ်တည်၊ နှလုံးသွေးကြောကျဉ်း ဝေဒနာတို့ဖြင့် အသက်ရှူကျပ်၍ သေဆုံးသည်ဟု အကြောင်းပြကြောင်း၊ ဦးကျော်ဆန်းဦးမှာ စစ်ကောင်စီဖမ်းမသွားမီ အချိန်အထိ ကျန်းမာရေးကောင်းကြောင်း ထိုသူက ဆက်ပြောသည်။
ကွယ်လွန်ကြောင်း အသိပေးသည့် နေ့တွင်ပင် စစ်ကောင်စီအစီအစဉ်ဖြင့် ပုဗ္ဗသိရိမြို့နယ်၊ ကွေ့ကြီးသုသာန်အနီးရှိ စစ်သင်္ချိုင်း၌ မီးသင်္ဂြိုဟ်ကြောင်း သိရသည်။
မီးသင်္ဂြိုဟ်စက်ထဲ မထည့်မီ မိသားစုကို ရုပ်အလောင်းမျက်နှာ ခေတ္တပြခဲ့သည်ဟု ဆိုသည်။
“ပုံမှန်သင်္ဂြိုဟ်သလိုမျိုး အလောင်းပဲ ထည့်မီးရှို့တာတောင် မဟုတ်ဘူး။ အခေါင်းပုံးကြီးလိုက် သွင်းလိုက်တာတဲ့။ မျက်နှာက ရောင်ကိုင်းနေပြီး ထိပ်က အခွက်ကြီးနဲ့(အသားခွက်နေ) သနပ်ခါးလူးပေးထားလို့ ဒဏ်ရာတွေ ရှိမရှိ မသိဘူးတဲ့” ဟု မိသားစုနှင့် ရင်းနှီးသူက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပထမအကြိမ်စစ်ကြောရေးအတွင်း ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ ဦးကျော်ဆန်းဦး မကွယ်လွန်မီ တစ်ရက်က ထုံးဘိုရဲစခန်းအချုပ်တွင် တွေ့ခွင့်ရခဲ့သည့် ဇနီးသည်ထံ မေးမြန်းရန် ကြိုးပမ်းနေသော်လည်း ဆက်သွယ်၍ မရသေးပါ။
ထို့အတူ ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာမရသေးပေ။
မိသားစုနှင့် ရင်းနှီးသူ၏ အဆိုအရ ကွယ်လွန်ချိန်အထိ မည်သည့်ပုဒ်မဖြင့် ရင်ဆိုင်ရမည်မှန်း မသိသေးသည့် ဦးကျော်ဆန်းဦးအတွက် အမှုသက်သာစေရန် ရဲနှစ်ဦးနှင့် ဇီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွေးတို့ကို ကျပ်တစ်သိန်းကျော် လာဘ်ထိုးခဲ့ရသေးသည်ဟု သိရသည်။
သို့သော် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ထိုငွေပမာဏရယူခဲ့သည်ဆိုသော လူပုဂ္ဂိုလ်များနှင့်လည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
ပွင့်လင်းရာသီတွင် သုံးဘီးဖြင့် မြေအိုးများ ရောင်းချ၊ မိုးရာသီတွင် သုံးဘီးယာဉ် အငှားလိုက်၍ မိသားစုအတွက် ဝင်ငွေရှာနေသည့် ဦးကျော်ဆန်းဦးတွင် အသက် ၃၆ နှစ်အရွယ် ဇနီး၊ ၄ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ်အရွယ် သား ၃ ဦးတို့ ကျန်ရစ်ကြောင်း သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦး၏ အဆိုအရ ဇီးကုန်းကျေးရွာတွင် ဦးကျော်ဆန်းဦးကဲ့သို့ပင် အောက်တိုဘာလအတွင်း ဖမ်းခံရသူ ၁၀ ဦးထက်မနည်းရှိကြောင်း၊ ထိုသူများ၏ သတင်းအစအန ပျောက်ဆုံးနေကြောင်း သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းအရ အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသည့် ပြည်သူ ၁၂၆၀ ဦးထက်မနည်းရှိကြောင်း အသင်း၏ နိုဝင်ဘာ ၃ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AAPP ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာထားသည့် စစ်ကောင်စီကမူ ထိုကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု ဆိုတတ်သည်။ နှိပ်စက်စစ်ကြောသည့်နေရာတွင် သတ်ဖြတ်ခံရမှုများအတွက် တောင်းပန်ခြင်း၊ တာဝန်ရှိသူကို အရေးယူခြင်း၊ သတင်းထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)



