
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အေးချမ်းသာရွာ၌ သုံးရက်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ပြန်ထွက်သွားပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၀ တွင် ဒေသခံလူငယ် ၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည်။
လွန်ခဲ့သည့် သုံးရက် (နိုဝင်ဘာ ၆) နံနက် ၈ နာရီခန့်တွင် စစ်သား ၂၀၀ ခန့်က လက်နက်ကြီးပါ သုံး၍ ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာချိန်မှစ၍ ပြန်လည်ထွက်ခွာသည့် နိုဝင်ဘာ ၉ ရက်အထိ ဒေသခံအားလုံး(၂၀၀ ခန့်) မှာ စုပေါင်းတိမ်းရှောင်ခဲ့ကြသည့် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိခဲ့သည်ဟု ရွာသားတစ်ဦးထံမှ သိရသည်။
နိုဝင်ဘာ ၁၀ တွင် အေးချမ်းသာရွာနှင့် မိုင်ဝက်အကွာ ပြောင်သွယ်ချောင်း၌ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင် တပူတောရွာသား အသက် ၂၁ နှစ်အရွယ် ကိုစိုးလင်းအောင်(ခ) ကတုံး ဘယ်ဘက်ရင်အုံ ကျည်နှစ်ချက်ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ကိုယ်တိုင်ရှာတွေ့ကြောင်း ထိုသူက ပြောသည်။
ထို့ပြင် အရပ်သားများသာဖြစ်သည့် အသက် ၂၀ ကျော်အရွယ် လိပ်ဆင်းတောင်ရွာသား ကိုနိုင်မော်နှင့် အေးချမ်းသာရွာသား ကိုသန်းစိုးတို့၏ ရုပ်အလောင်းများကိုလည်း ကျေးရွာအနီး၌ အခြားသူတို့က ရှာဖွေတွေ့ရှိကြောင်း၊ ကိုယ်တိုင်မပါဝင်၍ ဒဏ်ရာအခြေအနေကို မသိရသေးကြောင်း အထက်ပါသတင်းရင်းမြစ်ကပင် ပြောသည်။
“မျက်မြင်တွေကတော့ ပြောတယ်။ (ကိုသန်းစိုးကို) လက်ပြန်ကြိုးတုပ်ထားတယ်တဲ့။ သူ့ကို သင်္ဂြိုဟ်ပေးလိုက်တဲ့သူရဲ့ ပြောစကားပေါ့။ (ရွာအပြင်မှာ ရှောင်နေတဲ့) သူက ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ကလေးနဲ့ မိန်းမကို သွားတွေ့တယ်။ ပြီးတော့မှ အဲဒီမှာ စကစရဲ့ ကင်းပုန်းနဲ့ ညား(တိုး) တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
ကျွန်းလှမြို့နယ်ရှိ ပြောင်သွယ်ချောင်း၊ အေးချမ်းသာနှင့် အင်လှကျေးရွာများအနီးတွင် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက PDF တို့နှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။
ပစ်ခတ်မှုများဖြစ်ပွားပြီး မကြာမီ အေးချမ်းသာရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသည့် ဒေသခံများထံမှ ဖုန်းဆင်းကတ်များကို တောင်းယူကာ ဖျက်ဆီးပစ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့နောက် သုံးရက်မြောက်နေ့(နိုဝင်ဘာ ၉) တွင် ကျေးရွာအနီးတွင် စစ်သုံးရဟတ်ယာဉ် ၉ ကြိမ် အဆင်းအတက်လုပ်ခဲ့ပြီး စစ်သား၊ လက်နက်နှင့် အသုံးအဆောင်များကို တင်ဆောင်ကာ တပ်ဆုတ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
“လေယာဉ်တစ်ခေါက်လာရင် ထမ်းထမ်းပြီး ပြေးပြီးတော့မှ အိတ်နဲ့လူနဲ့ အိတ်နဲ့လူနဲ့။ ကြောက်စရာကောင်းလိုက်တာ သွေးကို ပျက်နေတော့တာပဲ။ ဘုန်းကြီးကလည်း သွေးပျက်နေတာ။ ကြောက်အားကြီးကြီးပဲ။ (ဖုန်းဆင်းကတ်) ကတ်တွေကလည်း အကုန်ထုတ် ဘာမှ အဆက်အသွယ်လုပ်လို့မရဘူး” ဟု ထိုအမျိုးသမီးက ဆိုသည်။
ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသူအများစုမှာမူ နိုဝင်ဘာ ၁၁ ရက်ရောက်မှ ကျေးရွာရှိ နေအိမ်များသို့ ပြန်လည်နေထိုင်ရဲကြကြောင်း၊ ထိုအချိန်မှ ရွာအတွင်း၌ မီးရှို့ခံရသည့် နေအိမ်နှစ်လုံး၊ လက်နက်ကြီးကျည်သင့်၍ ပျက်စီးသည့် နေအိမ် တစ်လုံးရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အတူ ကုန်စုံဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၅၀ ခန့် တန်ကြေးရှိ အဝတ်အထည်၊ စားစရာများပါသွားကြောင်း၊ ဒေသခံများမွေးမြူထားသည့် ကြက်၊ ဝက်များ သတ်ဖြတ်စားသောက်သွားသည်ကို တွေ့ရကြောင်း၊ နေအိမ်အချို့၏ အတွင်းပစ္စည်းအချို့ပါ ဖျက်ဆီးခံထားရကြောင်း ထိုအမျိုးသမီးကပင် ပြောသည်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်တွင် စက်တင်ဘာလမှစ၍ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ဆင်ရေးဝင်နေသဖြင့် ထိုဒေသတွင်းရှိ တပူတော၊ ခပေါင်းရုံ၊ လိပ်ဆင်းတောင်၊ သရက်ပင်၊ အေးချမ်းသာ၊ ပေကုန်း ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ထိုဒေသအတွင်း ခုခံနေသည့် ကျွန်းလှ PDF ၏ သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၈ တွင် သဖန်းဆိပ်ဆည်အနီးပင်ရှိသည့် ကျွဲတဲရွာကို စစ်ကောင်စီက လေကြောင်းပါ သုံး၍ အကြီးအကျယ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်သုံးရဟတ်ယာဉ် သုံးစီးပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သလို တိုက်ဂျက်လေယာဉ်အချို့ပါ ခြောက်လှန့်ပျံသန်းခဲ့ကြောင်း၊ ကျွဲတဲရွာရှိ နေအိမ်သုံးလုံး ပျက်စီးခဲ့ရကာ ရွာသားတစ်ဦး ခါးတွင် ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ရက်၌ လွှတ်တိုက်ရွာတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးစဉ် စစ်သားများက ဆန်အိတ်များ၊ ရွှေနှင့် ငွေများကိုလည်း ယူဆောင်သွားကြောင်း ကျွန်းလှ PDF က ဆိုသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ကာယကံရှင်များနှင့် အဆက်အသွယ်မရသေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)