သတင်း

တိုင်းဒေသကြီး ဥပဒေချုပ်သစ်က တရားရေးမဏ္ဍိုင်ကို ပြန်တည့်မတ်မည်ဟု ပြော

ရန်ကုန်- တိမ်းစောင်းယိုင်နဲ့ နေသည်ဟု ဝေဖန်ခံနေရသည့် တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်အောင် ကြိုးစားဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ယနေ့ တိုင်းလွှတ်တော်က အတည်ပြုလိုက်သည့် ဒေါ်ခင်မျိုးကြည်က Myanmar Now ကို ပြောသည်။

ယခင်အချိန်များက တာဝန်ထမ်းဆောင်ခဲ့သူများအပေါ် မည်သို့မျှ မှတ်ချက်မပြုလိုသော်လည်း မိမိအလှည့် တာဝန်ထမ်းဆောင်သည့်အခါတွင် မိမိသိသမျှ ပညာရပ်များ၊ အတတ်ပညာများနှင့် အခြေခံပြီး ဖြောင့်မတ်စွာ တာဝန်ထမ်းဆောင် သွားမည်ဟု ၎င်းက ဆက်ပြောသည်။

လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည် ဆိုသော်လည်း နိုင်ငံတော်သမ္မတက အတည်ပြုခန့်အပ်မည့် အမိန့်ကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

“လတ်တလောမှာတော့ ကိုယ့်ကို တိတိပပ အတည်ပြုခန့်အပ်သေးတာ မဟုတ်တော့ ဘာမှတော့ မှတ်ချက်မပြုလိုပါဘူး။ ဒါပေမယ့် ကိုယ်သိ၊ ကိုယ်တတ်တဲ့ပညာ၊ အသိပညာတွေနဲ့တော့ တိုင်းပြည်က တာဝန်ပေးတာကို တိတိကျကျ တာဝန်ယူမယ်လို့တော့ ခံယူထားတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်ခင်မျိုးကြည်သည် ၁၉၈၄ ခုနှစ်မှစ၍ ၃၄ နှစ်အကြာ ဥပဒေဝန်ထမ်းအဖြစ် ရာထူးအဆင့်ဆင့်မှ ညွှန်ကြားရေးမှူးတာဝန်အထိ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လကမှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် အသက် ၆၁ နှစ်အရွယ် ဒေါ်ခင်မျိုးကြည်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းကြောင်းကို ယမန်နေ့က တိုင်းလွှတ်တော်တွင် ကြေညာခဲ့ပြီး ယနေ့ အစည်းအဝေးတွင် နည်းဥပဒေပုဒ်မ ၅၀ နှင့်အညီ ဒေသကြီးလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ဒေါ်ခင်မျိုးကြည်သည် မန္တလေးမြို့တွင် နေထိုင်နေသူဖြစ်ပြီး မန္တလေးတိုင်းရှေ့နေချုပ်ရုံးခွဲ၊ စစ်ကိုင်းတိုင်းဥပဒေချုပ်ရုံးခွဲ၊ နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ကရင်ပြည်နယ်ရှိ ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်ရှိ ဥပဒေအသိုင်းအဝိုင်းက သိသူနည်းပါးလှသည်။

သို့ရာတွင် ဒေါ်ခင်မျိုးကြည်သည် မိမိမှန်ရာကို ပွင့်ပွင့်လင်းလင်းနှင့် ပြောရဲဆိုရဲရှိသူတစ်ဦးဖြစ်ပြီး မိမိတို့ ဥပဒေအသိုင်းအဝိုင်းတွင် ပြတ်သားသူတစ်ဦးဖြစ်ကြောင်း ဒေါ်ခင်မျိုးကြည်နှင့်အတူ ဗဟိုဝန်ထမ်းတက္ကသိုလ် ဇေယျ ၇၁ တွင် အပတ်စဉ်အတူတူ တက်ခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိဟောင်း ဦးဒယ်နီရယ်ကြည်က မှတ်ချက်ပြုသည်။

“ကျွန်တော်တို့နဲ့က ဥပဒေအရာရှိ အဆင့် ၄ ထဲက အတူတူ တာဝန်ထမ်းဆောင်ခဲ့တာ။ သူက ယောက်ျားလေးတစ်ယောက်လို စိတ်ဓာတ်ရှိသူဖြစ်တယ်။ ပြတ်သားတယ်။ ရိုးရှင်းတယ်။ ဖြူစင်တယ်။ မှန်တယ်ထင်ရင် ပြောရဲတယ်။

မဟုတ်မခံစိတ် ရှိသူဖြစ်တယ်။ ကျွန်တော် ကရင်ပြည်နယ်က ဥပဒေအရာရှိ တာဝန်ထမ်းဆောင်ချိန်မှာ သူနဲ့ ကျွန်တော်က နေရာချိန်းခဲ့ဖူးသေးတယ်။ သူက ကရင်ပြည်နယ်ကိုလာ၊ ကျွန်တော်က မန္တလေးတိုင်းကို သွားဆိုတဲ့ ရာထူးအပြောင်းအရွှေ့ထိတောင် ဖြစ်ခဲ့ဖူးသူ” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးသည် ဟာသသရုပ်ဆောင် ကိုအောင်ရဲထွေး သေဆုံးမှုတွင် ကျူးလွန်သူများထံမှ လာဘ်ငွေယူကာ အမှုကို ပြန်ရုပ်သိမ်းခွင့်ပြုခဲ့သည် ဆိုသည့် စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံ အဂတိ တိုက်ဖျက်ရေးကော်မရှင်၏ တရားစွဲဆိုခံရမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရကာ အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။

Show More

Related Articles

Back to top button