သတင်း

ထန်တလန်မြို့ မီးထပ်ရှို့ခံရ

လက်နက်ကိုင် ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် မကြာသေးခင် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နေအိမ် အလုံး ၂၀ ခန့် မီးထပ်ရှို့ခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။

နိုဝင်ဘာ ၆ ရက် နံနက်က ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းနှင့် ၎င်းတို့တပ်စွဲထားသည့် ရဲစခန်းကို CDF က တိုက်ခိုက်ပြီးနောက်တွင် တစ်ပတ်အတွင်း စိုက်ပျိုးရေးနှင့် လုံတဲရ်ရပ်ကွက်တို့ရှိ နေအိမ်အများစုမှာ ညပိုင်းအချိန်တွင် မီးလောင်ကျွမ်းခဲ့သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။  

“သူတို့ ရှို့ထားတာလေ၊ ကျွန်တော်တို့က သက်သေတော့မရဘူး။ ဒီနိုဝင်ဘာလအတွင်း ဖြစ်တဲ့ကိစ္စ။ ဘာလို့လဲဆိုတော့ ညဘက်မှာပဲ လောင်နေကြတာဆိုတော့လေ။ ပြီးတော့ ညပိုင်းဆိုတော့ သူတို့ကိုသွားကြည့်လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် စက်တင်ဘာလလယ်ပိုင်းမှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်နှင့် ဖျက်ဆီးမှုတို့ကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့တွင် တစ်လအတွင်း ပျက်စီးခဲ့ရသည့် နေအိမ်ပေါင်း ၂၀၀ ကျော်သွားပြီဟု CDF စာရင်းက ဆိုသည်။

မီးထပ်ရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူတို့ထံမှ တုံ့ပြန်ချက် မရသေးပေ။

အောက်တိုဘာ ၂၉ တွင် ဈေးဆိုင်ဖောက်ထွင်းနေသည့် စစ်သားတစ်ဦးကို CDF က ပစ်သတ်ပြီးနောက် ထန်တလန်မြို့တွင် အကြီးဆုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ခဲ့ရပြီး နေအိမ်ပေါင်း ၁၆၆ လုံး ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်စဉ်အတွင်း မီးလောင်နေသည့် အဆောက်အအုံများကို နောက်ခံထားကာ ရိုက်ကူးထားသည့် စစ်သားအချို့၏ ဓာတ်ပုံများ Facebook တွင် ပြန့်ခဲ့သော်လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက CDF လက်ချက်ဟု သတင်းဌာနတချို့ထံ ဖြေကြားသည်။

သို့သော် စစ်တပ်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ကပင် ထိုလုပ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီကို သတိပေးသည့် စာတစ်စောင် နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ၎င်းတို့ကို အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲသည့် သဘောသက်ရောက်သည်ဟုဆိုကာ နိုဝင်ဘာ ၉ ရက်တွင် PPST ထံ စာတစ်စောင်ပေးပို့ ကန့်ကွက်သည်။

ထန်တလန်မြို့တွင် မူလက လူဦးရေ ထောင်နှင့်ချီ နေထိုင်သော်လည်း ယခုအခါ မြို့လုံးကျွတ်နီးပါး စွန့်ခွာထွက်ပြေးနေကြသည်။ မိဘမဲ့ဂေဟာမှ နောက်ဆုံး ကျန်ရှိသူ ၂၀ မှာလည်း နိုဝင်ဘာ ၅ တွင် မြို့ကို စွန့်ခွာကာ အနီးအနားရှိ ကျေးရွာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရပြီဖြစ်ကြောင်း သိရသည်။

“ရွာသူရွာသားတွေက မိဘမဲ့မိသားစုတစ်စုပဲ ကျန်တော့တယ်ဆိုတော့ သူတို့က စိတ်မကောင်းဘူးလေ၊ အဲဒါနဲ့ တစ်ခုခုဖြစ်ရင်တော့ဆိုပြီးတော့ စိုးရိမ်တာနဲ့ လာခေါ်ကြတာ” ဟု အသက် ၆၀ အရွယ် ဂေဟာတာဝန်ခံ ဦးနိုမန်းက ပြောသည်။

ထိုမိဘမဲ့ဂေဟာတွင် အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကလေးငယ် ၁၇ ဦး၊ စောင့်ရှောက်သူ ၃ ဦး နေထိုင်ကြခြင်းဖြစ်ပြီး ထန်တလန်မြို့အနောက်ဘက် ၉ မိုင်ခန့် အကွာရှိ တိမ်းရှောင်ရာ ကျေးရွာအမည်ကို ဘာသာစကားအခက်အခဲကြောင့် တိကျစွာ အတည်မပြုနိုင်ပေ။

ထန်တလန်မြို့တွင် ယနေ့အထိ စစ်ကောင်စီနှင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း CDF ထံမှ သိရသည်။ သို့သော် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိ၍ ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်တော်လှန်သည့် ဒေသများအတွင်း ချင်းပြည်နယ်သည်လည်း ထိပ်ဆုံးမှပါဝင်သည်။

ထို့သို့ ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့ကို အနော်ရထာဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ဖြင့် ဖြိုခွင်းရန် စစ်ကောင်စီက အောက်တိုဘာလမှစ၍ ကြိုးပမ်းနေပြီး သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အားအလုံးအရင်း ပို့လွှတ်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button