အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောမြို့နယ် ငါးရံ့ချောင်းနယ်ခြားစောင့်စခန်းအနီး တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (နိုဝင်ဘာ ၁၁) နံနက် ၁၁း၂၀ နာရီခန့်က တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် မူလွန်စာသင်ကျောင်းတစ်ကျောင်းကို နေ့တစ်ဝက်နှင့် ပိတ်ထားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တော – ခမောင်းဆိပ်ကားလမ်းဘေးတွင်ရှိသည့် မင်းခမောင်းကျေးရွာ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ နယ်မြေ (၂) အောင်ဇူအပိုင် စခန်း (၅) ငါးရံ့ချောင်းနယ်ခြားစောင့်စခန်းအနီး ဖြစ်ပွားခဲ့ကြောင်း ထိုရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“ငါးရံချောင်းစခန်းအလွန်က တောထဲမှာ ကန်တောင်ဆိုပြီးတော့ တောင်တစ်တောင်ရှိတယ်။ အဲဒီတောင်မှာ ဖြစ်တာလို့ သိရတယ်။ စစ်တပ်နဲ့ ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာကို မသိရဘူး။ အခု ကျွန်‌တော်တို့ရွာဘက်တွေမှာတော့ ငြိမ်နေတယ်”ဟု အဆိုပါဒေသခံက ပြောသည်။

စခန်းနှင့် မီတာ ၁၀၀ အကွာတွင် ဖြစ်ခဲ့သော ယင်းတိုက်ပွဲမှ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။

မင်းခမောင်းကျေးရွာမှ အမျိုးသားတစ်ဦးကလည်း ထိုနေရာတွင် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး ပြောသည်။

“RSO နဲ့ ဖြစ်တာပါ။ ကျောင်းလည်း လွှတ်ပေးလိုက်ပြီ။ တိုက်ပွဲဖြစ်တာက ၁၅ မိနစ်လောက် ကြာတယ်။ RSO နဲ့ ဖြစ်တယ်ဆိုတာကို အဲဒီငါးရံချောင်းဘက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ယောက်က လှမ်းပြောတာပါ”ဟု ၎င်းအမျိုးသားက ဆိုသည်။

သေနတ်သံကြောင့် မင်းခမောင်းကျေးရွာ မူလွန်စာသင်ကျောင်းမှ ကျောင်းသား ၁၀၀ ခန့်ကို အိမ်ပြန်ခိုင်းလိုက်ရသည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ဖြစ်တဲ့နေရာနဲ့ တစ်မိုင်ခွဲလောက်ပဲ ဝေးတာဆိုတော့ ကြောက်ပြီး ကျောင်းလွှတ်ပေးလိုက်တာ။ ပထမ စပစ်တုန်းကတော့ အော်တိုပစ်တာ။ လက်နက်ငယ်အသံကြားလိုက်ရတယ်။ ပစ်လိုက် ပြန်ငြိမ်လိုက်၊ ပစ်လိုက် ပြန်ငြိမ်လိုက်နဲ့ ပစ်သံက နှစ်ဖက်အပြန်အလှန်ပစ်သံကြားလိုက်ရတယ်” ဟု အဆိုပါပညာရေးဝန်ထမ်းက ပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း မြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့သေးသည်။

ရက္ခိုင့်တပ်တော်(AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု Myanmar Now သို့ အတည်ပြုထားသည်။

ကြားခံအဖွဲ့အစည်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်သော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့တွင် မောင်တောမြို့နယ်၌ Mytel မှတစ်ပါး အခြားဆက်သွယ်ရေးကုမ္ပဏီများ၏ အင်တာနက်ဝန်ဆောင်မှုများ နံနက်ပိုင်းမှ ညနေ ၇ နာရီအထိ ရပ်တန့်သွားသည်ဟု ဒေသခံများက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မောင်တောမြို့နယ်မြောက်ပိုင်းသို့ အင်အားတိုးချဲ့လာပြီး နယ်မြေခံရဲကင်းစခန်းများတွင် လက်နက်ကြီးတပ်ဆင်သည်ကို မြင်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button