စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတို့ကို နှိပ်စက်တတ်သဖြင့် နိုဝင်ဘာ ၈ တွင် အဖမ်းခံလိုက်ရသည့် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ညီဖြစ်သူတို့၏ အသက်အန္တရာယ်အတွက် မိသားစုက စိုးရိမ်နေသည်။
မကွေးတိုင်းလွှတ်တော်၏ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) ကိုယ်စားလှယ်ဖြစ်ခဲ့သော ၅၁ နှစ်အရွယ် ဦးဝင်းမြင့်လှိုင် (ခေါ် ) ကိုလှိုင်လှိုင်နှင့် ညီဖြစ်သူ ကိုဇော်ဇော်တို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ဖမ်းဆီးခံရသည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် ဦးဝင်းမြင့်လှိုင် ဝရမ်းထုတ်ခံထားရသည်ဟု အသက် ၄၇ နှစ်အရွယ် ဇနီးဖြစ်သူက ပြောသည်။
“အမှုဖွင့်ထားတဲ့သူကို ဖမ်းတာကို၊ ရှောင်နေတဲ့လူကို ဖမ်းမိတာကို တရားဥပဒေနဲ့ အညီပဲ ကောင်းမွန်စွာ စစ်ဆေးပြီး အမှုကို သေချာလုပ်ဖို့ အဲဒါပဲ ပြောချင်ပါတယ်။ နှိပ်စက်တာတွေ မဖြစ်စေချင်ဘူး” ဟု ဇနီးဖြစ်သူက ဆိုသည်။
“သူတို့ တရားဥပဒအတိုင်းပဲ အမှုတင်၊ တရားစွဲ၊ ပြစ်ဒဏ်ချပေါ့။ သူ့မှာ သွေးတိုးရောဂါရှိတယ်။ မိသွားတာတော့ မတတ်နိုင်ဘူးပေါ့။ တရားဥပဒေအတိုင်းတော့ လုပ်ပေးကြပါ”
ဖမ်းဆီးရမိသည့်နေ့မှာပင် တောင်တွင်းကြီးရှိ မိသားစုနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိပ်ပိတ်လိုက်သည်ဟု ၎င်းက ဆက်ပြောသည်။
မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို မိသားစုဝင်များထံ တရားဝင်အကြောင်းကြားခြင်း မရှိပေ။
စစ်ကောင်စီတပ်က တောင်တွင်းကြီးမြို့နယ်မှ ဖမ်းဆီးခံရသူတချို့ကို ညှဉ်းပန်းနှိပ်စက်စဉ် ဒေသခံ PDF အဖွဲ့တစ်ခုဖြစ်သော ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဦးဝင်းမြင့်လှိုင်ပါဝင်ကြောင်း ပြောဆိုခိုင်းနေသည်ဟု ဒေသခံများထံမှ ကြားသိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော မိတ်ဆွေရင်းတစ်ဦးကလည်း ပြောသည်။
ဦးဝင်းမြင့်လှိုင် ထွက်ပြေးတိမ်းရှောင်နေစဉ်ကလည်း တောင်တွင်းကြီးမြို့နယ်ရှိ ၎င်း၏ ဖခင် အသက် ၈၀ ကျော်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးမြင့်ကို မြို့နယ်ရဲစခန်းတွင် နှစ်ကြိမ်ခေါ်ယူပြီး စစ်မေးခဲ့သည်။
NLD ပါတီ အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲမဲစာရင်း မှားယွင်းသည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက NLD ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ပါတီဝင်များ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်ဟောင်းများ၊ ပါတီထောက်ခံသူများကို ပစ်မှတ်ထားဖမ်းဆီးနေသည်။ မကွေး၊ ရခိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်များကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်။
ပါတီဝင် ၄၀၀ ဝန်းကျင် ဖမ်းဆီးခံထားရပြီး ထိုထဲတွင် အမတ် ၉၁ ဦး ပါဝင်သည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် NLD ဥက္ကဋ္ဌဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်လတ်မှာ မတ် ၆ တွင် ဖမ်းဆီးခံရပြီး နောက်တစ်နေ့ နံနက်တွင် အလောင်းလာထုတ်ရန် စစ်ကောင်စီက မိသားစုကို အကြောင်းကြားခဲ့သည်။
NLD မှ ဦးခင်မောင်လတ်ကဲ့သို့ ၂၄ နာရီအတွင်း သေဆုံးရသူ ၆၆ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် ဩဂုတ်လအထိ စာရင်းအရ သိရပြီး ဖမ်းဆီးစစ်ဆေးခံရပြီး သေဆုံးခဲ့သူတချို့ကို ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံရသည်ဟု စစ်ကောင်စီက အကြောင်းပြခဲ့သည်။
ဖေဖော်ဝါရီ ၁ မှ နိုဝင်ဘာ ၉ အထိ စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် အသက်မပြည့်သေးသူကလေးများ အပါအဝင် ပြည်သူ ၁၂၅၀ ဦး သေဆုံးကာ ၉၉၄၃ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု AAPP က ထုတ်ပြန်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)