
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အနောက်ရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာ ၈) နံနက်ပိုင်းက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့သည်။
သံလျှက်မော်အနောက်ရပ်၊ အကွက်အမှတ် ၃၅၀ ၏ ရာအိမ်မှူးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ပန်းချီထွန်းထွန်းဆိုသူမှာ သမီးဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးလာစဉ် ၄၁ လမ်းနှင့် လမ်း၄၀ကြား လမ်း ၉၀ ပေါ်တွင် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
“အဲ့ဒီနားမှာ ရောက်နေတုန်း သေနတ်သံကြားရတာ။ လှည့်ကြည့်တော့ လူတစ်ယောက်ရယ်၊ အမျိုးသမီးတစ်ယောက်ရယ် ဆိုင်ကယ်လဲနေတာ တွေ့တယ်။ သွားကြည့်တော့မှ သေနတ်နဲ့ပစ်ခံရတာ တွေ့ရတယ်။ အမျိုးသမီး (သမီးဖြစ်သူ) ကတော့ ဘာမှ ထိထားတာ မတွေ့ရဘူး။ အမျိုးသားပဲ ထိထားတာ၊ လဲသေနေပြီ။ ခေါင်းမှာထိပြီး သွေးတွေထွက်နေတာ မြင်ခဲ့ရတယ်” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
ပန်းချီထွန်းထွန်းဆိုသူကို ၎င်းတို့လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် Generation Z Power (GZP) ဆိုသည့် ပြောက်ကျားအဖွဲ့က ဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအတွင်း ထုတ်ပြန်သည်။
လူမှုကွန်ရက်တွင် တွေ့ရှိရသော ဓာတ်ပုံများအရ လမ်းမပေါ်၌ သွေးအိုင်ထဲ လဲကျသေဆုံးနေသူ အမျိုးသားတစ်ဦးကို အမျိုးသမီးက ပွေ့ဖက်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီက ခန့်အပ်ထားသည့် ရာအိမ်မှူး ပန်းချီထွန်းထွန်း၏ နေအိမ်တွင် ရဲနှင့် စစ်သားများ မကြာခဏဝင်ထွက်သွားလာလေ့ရှိပြီး၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးရာတွင် ၎င်းက လိုက်လံပြသလေ့ရှိသည်ဟုလည်း သံလျက်မော်အနောက်ရပ်ကွက် ဒေသခံအမျိုးသားက ပြောသည်။
ထိုသို့ စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ရပ်ကွက်ငယ် ၁၈ ခုဖြင့် ဖွဲ့စည်းထားသည့် သံလျှက်မော်အနောက်ရပ်ကွက်တွင် မေလအတွင်းက မီးလောင်ပြီး အသစ်ပြန်တည်ဆောက်ထားသည့် အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာ ၁၆ တွင် တစ်ကြိမ်၊ အောက်တို ဘာ ၂၈ တွင် တစ်ကြိမ် ဖောက်ခွဲခံထားရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်ကလည်း ထိုအုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး စစ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် သံလျှက်မော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၆၀ အရွယ် ဦးမျိုးနိုင် ပစ်သတ်ခံခဲ့ရပြီး GZP က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)