
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၇) နံနက်ပိုင်းက ရထားလမ်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်ကားသုံးစီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ထနှောင်းပင်လှကျေးရွာအနီးရှိ ရထားသံလမ်းကို လာရောက်စစ်ဆေးသည့် စစ်ကားများကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (KDDF) ဝင်တစ်ဦးက ပြောသည်။
“ဒီသံလမ်းက အစကတော့ ပြည်သူတွေ သွားလာတဲ့လမ်းပေမဲ့ အခုတော့ စစ်ကောင်စီရဲ့ ထောက်ပို့ရထားတွေပဲ သွားလာတာဖြစ်တယ်၊ အဲ့ဒါကြောင့် တိုက်ခိုက်ခဲ့တာပါ။ အဲဒီပေါက်ကွဲမှုကို လာစစ်တဲ့ စစ်ကားတွေကိုတော့ လမ်းတစ်ဝက်မှာပဲ ကျွန်တော်တို့ ခွဲခဲ့ပါတယ်။ ၃ ယောက်ထိတယ်” ဟု ၎င်းက ပြောသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကားတစ်စီး ထိခိုက်ပြီး၊ စစ်သားတစ်ဦး သေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရသည်ကို တွေ့မြင်ရကြောင်း KDDF အဖွဲ့ဝင်က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိမှာ ဒဏ်ရာပြင်းထန်သောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရကြောင်း ကြားရသည်ဟုလည်း KDDF အဖွဲ့ဝင်က ဆိုသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားကျေးရွာများကို ပိတ်ဆို့ ရွာဖွေနေနေသည်ဟု ထနှောင်းပင်လှကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယနေ့မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရသူ မကြားရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း မန္တလေးတိုင်း၊ ပလိပ်နှင့် စဉ့်ကိုင်မြို့အကြားတွင် ပေါက်ကွဲမှုဖြစ်ခဲ့သော မီးရထားလမ်းကို သွားရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကားတစ်စီး လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရသည်။
စစ်ကောင်စီကို ခုခံသည့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပြီး နှစ်လကျော်အကြာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသအသီးသီးတွင် တိုက်ပွဲများဖြစ်ပွားနေသည့်နည်းတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီဒေါက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)