သတင်း

ရသေ့တောင်တွင် စစ်ကောင်စီတပ်စခန်း မီးလောင်ပြီး ပေါက်ကွဲမှုဖြစ် 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုအတွင်း နိုဝင်ဘာ ၁၊ ည ၇ နာရီကျော်ခန့်တွင် မီးလောင်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

မြို့မြောက်ဘက် ၁၀ မိုင်ခန့်ဝေးသော ပြိန်းတောအုပ်စု၊ မညင်းတောင်ကျေးရွာအနီး စစ်တပ်စခန်းဘက်မှ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားလိုက်ရသည်ဟု ကျောက်ရံသာစည် ရွာသားတစ်ဦးက ပြောသည်။ 

“လက်နက်ကြီး ၅ ချက်ပေါက်ကွဲပါတယ်။ ပြီးတော့ လက်နက်ငယ်တွေလည်း ပေါက်ကွဲပါတယ်။ အဲဒီပေါက်သံကြားလို့ ကြည့်တဲ့အချိန်မှာ မီးလောင်တာကို တွေ့ပါတယ်” ဟု ထိုအမျိုးသားက ဆိုသည်။ 

“တစ်ချက်ပေါက်တာနဲ့ မီးက ဝုန်းခနဲ ထလောင်တယ်။ အိမ်တစ်ဆောင်ကို မီးလောင်သလို ထိန်ထိန်လင်းပြီးတော့ လောင်သွားပါတယ်။ တပ်စွဲထားတာက မညင်းတောင်ရွာထဲမှာလည်း ရှိတယ်။ အဲဒီဘေးက တောင်ကုန်းတွေမှာလည်း ရှိတယ်”  

တပ်စခန်းနှင့် တစ်မိုင်ခန့် အကွာရှိ ကျောက်ရံသာစည်ရွာမှ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်ပြီး ဗုံးခိုကျင်းထဲတွင် ပုန်းခိုနေခဲ့ကြရသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ထိုစခန်းမှ တာဝန်ရှိသူက ရွာအုပ်ချုပ်ရေးမှူးများကို မစိုးရိမ်ကြရန် ဖုန်းဆက်ခဲ့သည်ဟု သိရကြောင်း စခန်းနှင့် တစ်မိုင်ခန့်အကွာရှိ ပြိန်းတောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“မညင်းတောင်မြောက်ဘက်မှာရှိတဲ့ ရက်ခုန်တိုင်(ကုန်းတန်း)ကျေးရွာက အုပ်ချုပ်ရေးမှူးကို လှမ်းပြောတယ်လို့ ပြောပါတယ်။ မကြောက်ကြနဲ့၊ ကျွန်တော်တို့မှာ ဘုရားမီးထွန်းရာက အဆောင်တစ်ဆောင်ကို မီးကူးပြီးတော့ လောင်သွားလို့၊ ပါသွားတဲ့လက်နက်ကြီးကျည်တွေ ပေါက်ကွဲတာလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် စခန်းအခြားတစ်ဖက်ရှိ ကင်းသမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောဆိုကြောင်း ၎င်းအမျိုးသားထံမှ သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲနေသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ယင်းသို့ပေါက်ကွဲ၊ ပစ်ခတ်၊ မီးလောင်မှုကြောင့် တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံတို့က ကနဦးတွင် ယူဆခဲ့ကြသည်။ 

မညင်းတောင်ကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသော၊ အဓိကတောင်တန်းဟု ဒေသခံတို့ ခေါ်ကြသော နေရာတွင် ယခင်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားဖူးသည်။ 

ယမန်နှစ် ဩဂုတ် ၂၂ တွင် ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ရွာအတွင်း လက်နက်ကြီးကျည် နှစ်ကြိမ် ကျရောက်ပေါက်ကွဲပြီး ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရွာသား ၅ ဦး ဒဏ်ရာရခဲ့သည်။ 

ထိုစဉ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ တစ်မိုင်ခွဲခန့်ဝေးသည့် မညင်းတောင်ရွာဘက်ရှိ စစ်တပ်က ရွာဘက်သို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောခဲ့ကြသည်။  

တိုက်ပွဲများပြင်းထန်စဉ်က မညင်းတောင်ကျေးရွာသားများမှာ ရသေ့တောင်မြို့ပေါ်သို့ စစ်ဘေးရှောင်ခဲ့ရသည်။ ယင်းနောက် မညင်းတောင်ကျေးရွာအတွင်း စစ်တပ်က တပ်စွဲလိုက်ပြီး ယနေ့အထိ စခန်းချနေသောကြောင့် ကျေးရွာသားများမှာ နေရပ်မပြန်ရဲဘဲ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်နေရသည်။ 

“အခု မညင်းတောင်ရွာမှာ ရွာသားတွေက မရှိပါ။ တိုက်ပွဲဖြစ်ကတည်းက အကုန်လုံးထွက်ပြေးသွားကြတာ။ ဘယ်နေနိုင်မလဲ။ သူတို့(စစ်တပ်) လာတယ်ဆိုတာနဲ့ ရွာသားတွေက ထွက်ပြေးကြတယ်။ ရွာသားတွေ ထွက်ပြေးသွားကြတော့ သူတို့(စစ်တပ်) က အဲဒီမညင်းတောင်ရွာကနေ မထွက်တော့ဘူး။ ရွာက အိမ်တွေကို အားလုံးဖျက်ပြီးတော့ လိုအပ်သလို လုပ်လိုက်ကြတယ်” ဟု အထက်ပါပြိန်းတောရွာသားက ပြောသည်။

လတ်တလောတွင် နယ်မြေတည်ငြိမ်နေသော်လည်း တိုက်ပွဲ အချိန်မရွေးထပ်ဖြစ်လာနိုင်ကြောင်း ၎င်းက ယူဆနေသည်။

“ကျွန်တော်တို့အမြင်မှာဆိုရင် တိုက်ပွဲဖြစ်လာဖို့ဘက်ကို အများကြီးမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် လက်နက်ကိုယ်စီနဲ့ ဖြစ်နေတဲ့အနေအထားလေ”ဟု  ၎င်းက ဆိုသည်။

“ပေါက်သံကြားတုန်းကလည်း အထုပ်တွေ ထုပ်သူထုပ်၊ ဗုံးခိုကျင်းကို ဆင်းပြေးသူ ဆင်းပြေး။ နောက်ပြီးမှ မီးလောင်တယ်ဆိုတဲ့ သတင်းကို သူတို့(စစ်တပ်)က ရွာကလူကြီးတွေကို လှမ်းပြောလို့ တစ်ရွာနဲ့တစ်ရွာ အဆက်အသွယ်လုပ်ပြီး လှမ်းပြောပြီးမှ ငြိမ်သွားပါတယ်”ဟု ထိုသူက ဆက်ပြောသည်။ 

၂ နှစ်ကျော်ကြာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရခိုင်မြောက်ပိုင်းမှ လူဦးရေ နှစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ ဒေသခံအများအပြား AA သံသယဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်။ 

၂၀၂၀ နိုဝင်ဘာလဆန်းတွင် အပစ်ရပ်သွားပြီးနောက် ရခိုင်ပြည်နယ်တွင် AA ၏ ဩဇာကြီးမားလာသည့်အခါ စစ်ကောင်စီကလည်း ပြန်လည်ထိန်းချုပ်နိုင်ရန် တပ်စခန်းများပြင်ဆင်နေသည်။ 

ကျေးရွာများတွင် စစ်တပ်က တပ်စွဲခြင်း၊ နေအိမ်ပျက်စီးခြင်း၊ မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးအန္တရာယ်များကြောင့် လူဦးရေ တစ်သိန်းကျော်သည် စစ်ရှောင်စခန်းများတွင် ဆက်လက်နေထိုင်နေရဆဲ ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button